RS ဘယ်လို တင်ပါ့မယ် Facebook ကြီးပေါ်ဝယ်

RS ဘယ်လို တင်ပါ့မယ် Facebook ကြီးပေါ်ဝယ်

 

အစစအရာရာ Facebook ပေါ် ပစ်တင်နေတဲ့ ခေတ်ကြီးမှာ ရည်းစားရသွားရင် In a Relationship လေး လုပ်လိုက်ရ၊ မတော် စိတ်ကောက်ကြ ပြုကြဆို Relationship Status ပြန်ဖြုတ်ပြီး Single ဖြစ်လိုက်ရနဲ့။ ဒါပေမယ့် ရည်းစားရှိတဲ့ သူက RS ၊ မရှိတဲ့သူက Single တင်တာ ရှင်းပေမယ့် တစ်ချို့က ရည်းစားရှိတယ်လည်း မဟုတ်၊ Single လည်း ဖြစ်မနေ အီလည်လည် အချစ်ရေး ရှိနေသူတွေ အတွက် ကျတော့ရော..။ အဲဒီလို လူတွေ အတွက်လည်း Facebook က ပစ်မထားပါဘူးဗျာ။ Relationship Status တင်ချင်နေပြီး ဘာတင်လို့ တင်ရမှန်း မသိတဲ့ သူတွေ အတွက် အခရာက ခုလို ဝေမျှလိုက်ပါတယ်။

 

Single

ဒါကတော့ ရှင်းပါတယ်။ အပူမရှာချင်သူ တစ်ကိုယ်တည်းသမားတွေ၊ FA ၊ FA လို့ ရဲရဲဝံ့ဝံ့ကြွေးကြော်တတ်တဲ့ သူတွေ တင်တာမျိုးပေါ့။ ရည်းစားနဲ့ ပြတ်ထားတဲ့ သူတွေရဲ့ ရေလာမြောင်းပေး Status ဆိုလည်း ဟုတ်ရဲ့။

 

In A Relationship

ရည်းစားရှိတယ်ပေါ့ဗျာ။ ရည်းစားရှိသူတွေ အတွက်တော့ ကြွားလုံး အကြီးကြီးပဲဗျို့။ ငါဘယ်သူနဲ့ RS ချိတ်လိုက်ပြီတို့ ဘာတို့ပေါ့။ စနှိုက်ကြော်တွေ ရှိရင်လည်း သူ ကိုယ့်လူပါ ဆိုပြီး လှမ်းဟန့်လိုက်တာပေါ့။ In a Relationship ကို ရွေးလိုက်တာနဲ့ ကိုယ့်ရည်းစားအကောင့်နဲ့ လည်း သွားချိတ်လို့ ရတယ်၊ နေ့စွဲတွေ ဘာတွေပါ တစ်ခါတည်း တင်လို့ ရတော့  မမေ့တော့ဘူးပေါ့ဗျာ။ တစ်ချို့ကျတော့လည်း လူရှိန်အောင် RS ရှိရှိ၊ မရှိရှိ ဒီတိုင်းတင်ထားတဲ့ သူတွေ ရှိသေးတယ်။

 

Engaged

စေ့စပ်ထားတယ်၊ ဒါကတော့ နည်းနည်း တဆင့်တက်သွားပြီပေါ့။ တူနှစ်ကိုယ်ချစ်နေရုံတင်မက လူကြီးမိဘဆီမှာသာ နားဖေါက်ပြီးသားဆိုပြီး စရံတစ်ဝက်သတ်ထားတဲ့ အတွဲတွေ တင်ကြတယ်။ တကယ်စေ့စပ်ထားတဲ့ သူတွေ တင်ကြသလို အရမ်းကို ချစ်တယ်လို့ ပြချင်တဲ့ အတွဲတွေလည်း တင်ကြတယ်။ RS လိုဘဲ နေ့စွဲနဲ့၊ ဘယ်သူနဲ့ တင်မယ်ဆိုတာ ရွေးလို့ ရပါတယ်။

 

Married

အိမ်ထောင်ရှိတယ်၊လက်ထပ်ထားတယ်ပေါ့။ ပူပူနွေးနွေးလက်ထပ်ထားတဲ့ သူတွေ ဂုဏ်ယူစွာ တင်ကြသလို လက်မထပ်ထားပေမယ့် အရမ်း အရမ်းကို ချစ်ကြ၊ပိုင်တယ်ဆိုတာ ပြချင်တဲ့ ကိုအကဲပို ၊မသဲပို အတွဲတွေလည်း Married ကို ရွေးကြပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ သက်လတ်ပိုင်း၊သက်ကြီးပိုင်း လင်မယားစုံတွဲတွေ တင်ကြတာတော့ အများဆုံးပဲ။ ဒီဟာလည်း ကိုယ့်ပါတနာအကောင့်နဲ့ ချိတ်ပြီး နေ့စွဲပါ တင်လို့ ရတယ်။

 

In a Civil Partnership

Facebook ကနေ လိင်တူချစ်သူတွေ အတွက် ထပ်ထည့်ပေးထားတဲ့ Relationship Status ပါ။ Same Sex Couple တွေ အတွက် လက်ထပ်ထိမ်းမြားခြင်းနဲ့ အလားတူပဲ တရားဝင် အသိအမှတ်ပြုထားခံရတဲ့ အတွဲလို့ ပြောချင်တာမျိုးပါ။ Canada ၊ France ၊ UK ၊ Sweden နဲ့ တချို့ နိုင်ငံများမှာ သုံးကြပါတယ်။

 

In a Domestic Partnership

Civil Partnership နဲ့ ခပ်ဆင်ဆင်ပါပဲ။  စာချုပ်စာတမ်းနဲ့ ချုပ်ဆိုထားတာ မရှိပေမယ့် နှစ်ယောက်တူတူနေပြီး ဘဝတစ်ခုတည်ဆောက်နေတဲ့ လိင်တူရော၊ လိင်ကွဲရော စုံတွဲတွေကို ပြောချင်တာပါ။ Australia ၊ New Zealand ၊ Oregon ၊ Washington ၊ Nevada နဲ့ California တွေမှာတော့ ဒီ Domestic Partnership ဆိုတာ လက်ထပ်ထိမ်းမြားခြင်းလိုပဲ တရားဝင် အသိအမှတ်ပြုထားကြပါတယ်။

 

In an Open Relationship

ဒါကတော့ Relationship တစ်ခု တည်ဆောက်ထားကြတယ်။ ဒါပေမယ့် “မင်းလည်း ကြိုက်တဲ့ သူနဲ့ Date နိုင်တယ်၊ ငါလည်း Date ချင် Date မယ်”ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း သဘောတူထားတဲ့ RS မျိုးပေါ့ဗျာ။ မြန်မာပြည်မှာတော့ တွေ့ရရှားပါတယ်။

 

You May Also Like : “အပျော်တွဲတာလား ၊ တကယ်လက်ထပ်မှာလားဆိုတာ ဒီအချက်တွေနဲ့ ဆုံးဖြတ်ပါ

 

It’s Complicated

အလွယ်ဆုံးပြောရရင်တော့ ရှုပ်ထွေးနေတယ်ပေါ့။ RS ရှိတော့ ရှိနေတယ်၊ ရှိနေတဲ့ RS ကို စိတ်ပျက်နေတာ ဖြစ်ဖြစ်၊ ရှေ့ဘာဆက်ဖြစ်မယ် မသိဘဲ ဇာတ်မျောကြီး ဖြစ်နေတာ ဖြစ်ဖြစ်၊ ဟိုလိုလို သည်လိုလို သူငယ်ချင်းထက်လည်း ပို၊ ရည်းစားလည်း မဟုတ်သေးတဲ့ အခြေအနေမှာ ဖြစ်ဖြစ် သုံးကြတာမျိုးပါ။

 

Separated

ခွဲနေကြတယ်ပေါ့။ လင်မယားတွေ စိတ်သဘောမတိုက်ဆိုင်လို့ ခွဲနေတဲ့ သူတွေ၊  တရားဝင်တော့ မကွာရှင်းရသေးတဲ့ အခြေအနေမျိုးမှာ သုံးတာပါ။

 

Divorced

ကွာရှင်းလိုက်ကြပြီပေါ့လေ။ လင်မယားကွဲသွားတဲ့ သူတွေ တင်ကြပါတယ်။ မြန်မာပြည်မှာတော့ ကိုယ့်အထုပ်ကိုယ်ဖြေပြလေ့မရှိတော့ သိပ်တွေ့ရလေ့မရှိပါဘူး။

 

Widowed

ကိုယ့် အိမ်ထောင်ဖက် သေဆုံးသွားတဲ့ အခါ “မုဆိုးမဖြစ်သွားပါပြီ၊ ကျွန်တော်ကတော့ မုဆိုးဖို ပါ” လို့ တင်ထားတတ်ကြတာမျိုးပေါ့။

ပရိသတ်ကြီးလည်း RS Status ကြောင့် ခေါင်းရှုပ်ရခြင်းမျိုး ကင်းဝေးကြပါစေလို့ အခရာသူ အခရာသားတွေက ဆုတောင်းပေးလိုက်ပါတယ်။
ရိုးလူ (အခရာ)
www.akhayar.com