ဒီလိုကောင်လေးမျိုးဆို လမ်းခွဲသင့်ပြီလား

နှစ်သစ်မှာ အပြောင်းအလဲလေးတွေလုပ် ကိုယ့်ဘဝတိုးတက်ဖို့ အချိန်ပေးတော့မယ်ရယ်လို့ခေးလေးတို့ မွီးလေးတို့ တွေးဆမိကြမယ်ထင်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေ လုပ်ကြတဲ့အခါ Relationship တစ်ခုကိုပါ Change သင့်တာမျိုးရှိတတ်ကြပါတယ်။ တချို့အတွဲလေးတွေများ “ဂဏန်းညှပ်တာ လူမမြင် မိအေးအော်တာသာ လူသိ” ဆိုသလို တွဲနေရတဲ့ ကောင်မလေးကသာ စိတ်ကသိကအောက်နဲ့ မချိတင်ကဲခံစားနေရတာမျိုးရှိကြပါတယ်။ အပြစ်ကြီးကြီးမဟုတ်ပေမဲ့ ရေရှည်အတွက်အဆင်မပြေတဲ့ အကျင့်လေးတွေစွဲနေတတ်တဲ့ ဘယ်လိုကောင်လေးမျိုးတွေကို နှုတ်ဆက်ဖို့ စဉ်းစားသင့်လဲ တွေးဆကြည့်မယ်ဆိုရင် . . .

Dota ခုတ်လွန်းသူ

ကိုယ့်ကိုပစ်ထားပြီး ဂိမ်းကိုချစ် ဂိမ်းကို တွယ်တာ ဂိမ်းကိုမြတ်နိုးနေသူဆိုရင်တော့ ရေရှည်အတွက်မကောင်းနိုင်ဘူးလေ။ ဂိမ်းထဲမှာပဲ တွေးတောကြံဆတတ်ကြပြီး ဘဝအတွက်မတွေးတော မပြင်ဆင်နိုင်တဲ့ ကောင်လေးတွေကလည်း ရှိတတ်သေးတယ်။ COC ဆော့မြဲ Dota ခုတ်မြဲဖြစ်နေသူလေးလား၊ Pokemon Go နဲ့ FIFA 2015 ကိုသာ ဘဝထင်နေသူလေးလား အဘက်ဘက်ကတွေးဆပါနော်။

Gym ခဏခဏသွားတတ်သူ

သူတို့ Body လှဖို့အတွက် ကိုယ့်ကို ဂရုမစိုက်နိုင်အား Gym ချည်းဘဲ သွားတတ်သူဆိုရင်တော့ ထမင်းမစားဘဲ အမိုက်စား ဘော်ဒီကြီး ထိုင်ကြည့်ပြီး ဗိုက်ပြည့်နိုင်မလား စဉ်းစားကြည့်ပါဦး။ ရသမျှလခလေးတွေ အဝတ်အစားဖိုး Gym ဖိုးနဲ့ကုန်နေပြီဆိုရင်တော့ ရေရှည်မှာ အဆင်ပြေနိုင်မယ်မထင်ပါဘူး။ လှတာမက်ရင် ညစာခက်နိုင်တယ် ချစ်ဆုံးလေးတို့…။

You May Also Like :ဒီလိုကောင်မလေးမျိုးဆို လမ်းခွဲသင့်ပြီလား

အစားမက်သူ

ဆိုင်ကောင်းကောင်းလေးတွေဘယ်မှာဖွင့်လဲ ကြည့်ပြီး သွားလာစားသောက်တတ်သူလေးတွေဆို အစားအသောက်ဖိုးနဲ့မွဲဖို့သာပြင်။ အစပိုင်းတော့ ပျော်ရွှင်ကြည်နူးစရာလေးပေမယ့် ကြာလာရင် စရိတ်ထောင်းလာပါလိမ့်မယ်။ ပိုက်ဆံစုဖို့ထက် စားမယ် သောက်မယ် အပန်းဖြေမယ် ဆိုတဲ့အကျင့်စွဲနေသူလေးဆိုရင် အိမ်ထောင်ကျပြီး ဝင်ငွေထွက်ငွေ အဆင်ပြေ၊ မပြေ ချိန်ဆတွေးတောကြပါစို့။

သောက်သောက်စားစား ညမင်းသားလေး

Night Life ကိုမှ မက်မောပါတယ်၊ တွယ်တာပါတယ်ဆိုတဲ့ ကွီးတွေဆိုရင်တော့ ရေရှည်အတွက်ပြန်စဉ်းစားပါ ချစ်လေးတို့ရေ။  တစ်ခါတလေ မွေးနေ့ပွဲလေး ဂုဏ်ပြုစရာပွဲလေးတွေရှိလို့ သွားလာတတ်တာက အပြစ်မဆိုသာပေမယ့်  ဘော်ဒါတွေ ပျော်စရာတွေနဲ့ခဏခဏ သွားလာပျော်ပါးတတ်နေပြီဆိုရင်တော့ ပြန်ထိန်းရမှာပါ။ လွင့်မျောရင်ခုန်ရတာကို ကြိုက်တဲ့အကျင့်လေး စွဲနေပြီဆိုရင်တော့ သူနဲ့ကိုယ်နဲ့ ဘဝခရီးအတွက် စဉ်းစားတွေးဆပြီး သံယောဇဉ်ဖြတ်သင့်ပါပြီနော်။

နှာခေါင်းမီးတောက်တတ်သူမျိုး

တချို့တွေများ ကြိုက်တာ မကြာသေး အဆင့်တွေတိုးတာ မြန်လွန်းတယ်ဆိုရင်တော့ သတိလေးတော့ထားပါ။ ပန်းဝတ်ရည်သောက်မဝတဲ့ ပျားပိတုန်းဖြစ်နေရင် ကိုယ်ကျိုးနည်းရချည့်ရဲ့နော်။ ချစ်တာထက် နစ်မွန်းစေတာက ပိုများနေမလား စဉ်းစားပါ။ တကယ်လို့များ နှာခေါင်းသမားလေး ဖြစ်နေရင် အပြုအစု အယုအယတွေ ဘာတွေ ညာတွေ သာယာမနေဘဲ မြန်မြန်စွန့်ခွာဖို့သာ ပြင်ပါတော့။

ကဲ…အခရာသူ အခရာသားတွေကတော့ လက်ပြနှုတ်ဆက်သင့်တဲ့ ကောင်လေးစာရင်းကိုပြောခဲ့ပြီးပါပြီ။ သူငယ်ချင်းတို့ရော ဘယ်လိုကောင်လေးမျိုးကို လက်ပြနှုတ်ဆက်သင့်တယ်ထင်မိလဲ …။

ဂျူဂျူး (အခရာ)

www.akhayar.com