Google Pixel XL ကို သုံးသပ်ခြင်း

akhayar tech Google Pixel XL android phone

Google Pixel XL ကို သုံးသပ်ခြင်း

Google ဟာ အရည်အသွေးမြင့်စမတ်ဖုန်းမျိုးဆက်တစ်ခုဖြစ်တဲ့ Google Pixel နှင့် Google Pixel XL ကို ဆန်ဖရန်စစ္စကိုမြို့မှာ အောက်တိုဘာလ (၄) နေ့တွင် မိတ်ဆက်ခဲ့တာ အားလုံးအသိပါ။ Samsung ဟာ Note 7 ပေါက်ကွဲမှုဖြစ်လို့ အမာခံပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ရင်ဆိုင်နေတုန်းမှာ Google ဟာ Pixel XL စမတ်ဖုန်းကို မိတ်ဆက်လိုက်တဲ့ အဓိပ္ပာယ်ကလည်း တကယ့်ကို အချိန်ကောင်းပါပဲ။ ကဲ . . အခွင့်ကောင်း အခါကောင်းချောင်းတတ်တဲ့ Google ရဲ့ Google Pixel XL မှာ ဘယ်လိုအခြေအနေရှိလဲ။ သုံးသပ်ကြည့်ရအောင်ဗျာ။

ဘာတွေကောင်းလဲ

Google Pixel XL ကတော့ Premium စမတ်ဖုန်းဖြစ်တာနဲ့အညီ ရုပ်ထွက်ကြည်လင်ပြတ်သားမှုကတော့ ပြောစရာမလိုတော့ဘူး။ ခေတ်ပြိုင်စမတ်ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဒီဇိုင်းပိုင်းက တော်တော်လန်းတယ်ဗျာ။ Google Assistant ပါဝင်လာတဲ့အတွက် အပြန်အလှန်စကားပြောနိုင်ပြီး Google မှာရှာလို့ရတဲ့ Keywords မှန်သမျှကို Google Assistant က လုပ်ဆောင်ပေးတဲ့အတွက် စိတ်ကျေနပ်ဖွယ်ကောင်းပါတယ်။ ရိုက်ထားသမျှ ဓာတ်ပုံတွေကို ကိုယ်ပိုင် Account နဲ့ Google Photo Storage ထဲမှာ ပမာဏအကန့်အသတ်မရှိ သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။

ဘာတွေမကောင်းဘူးလဲ

Google Pixel XL ကတော့ ထွက်ခဲ့သမျှ Google ဖုန်းတွေထဲမှာ ဈေးအကြီးဆုံးဗျ။ ပြီးတော့လည်း ကင်မရာမှာ Blur Effect ရိုက်မယ်ဆိုရင် သိပ်ပြီးအဆင်မပြေဘူး။ နောက်တစ်ခုကတော့ IP Rating ကိစ္စပဲ။ Samsung Galaxy S7 Edge မှာတောင် IP 68 နှင့် iPhone 7 Plus တို့မှာတောင် iP67 ပါသေးတယ်။ Google Pixel XL မှာက IP53 သာပါတဲ့အတွက် ပြင်ပဖုန်နဲ့ အမှုန်ဝင်ရောက်မှုနှ င့်ရေလုံအဆင့်မှာတော့ iPhone တို့ Samsung တို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင် နည်းပညာနောက်ကျတယ်လို့ ပြောလို့ရတယ်ဗျာ။

အသေးစိတ်အချက်အလက်များ

  • 5.5-inch QHD
  • Qualcomm Snapdragon 821
  • 4 GB RAM
  • 1440 × 2560 , AMOLED Capacitive Touchscreen
  • 32/128GB Storage
  • 3,450 mAh battery
  • USB-C 1.0 (reversible connector)
  • Quick Charge 3.0
  • Fingerprint Scanner
  • 12.3 MP and 8MP
  • Laser, Phase Detection and Contrast Autofocus
  • One of the first devices with Android 7.0 Nougat

စမတ်ဖုန်းရဲ့ကျောဘက်ခြမ်းဒီဇိုင်းကိုတော့ Gorilla Glass 4 နဲ့ Metal Body တစ်ဝက်စီရောနှောထားတဲ့ဒီဇိုင်းအသွင်အပြင်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ Google Pixel XL စမတ်ဖုန်းကိုတော့ မျက်နှာပြင် ၅.၅လက်မဖြင့် ပွဲထွက်လာခဲ့ပြီး Resolution အနေနဲ့လည်း 1440 × 2560 နှင့်ပွဲထွက်လာတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်များကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဘတ္ထရီအပိုင်းမှာတော့ 3450mAh ဖြင့်ထုတ်လုပ်ထားပြီး ဘတ္ထရီစွမ်းဆောင်ရည်အနေနဲ့တော့ ၂၆နာရီအထိ မရပ်မနားဖုန်းပြောလို့ရပါသေးတယ်။  ဓာတ်ပုံ ၊ ဗီဒီယိုဖိုင်များကို 4K Resolution ဖြင့် ရိုက်ကူးနိုင်ရုံသာမက Google Drive မှာလည်း အကန့်အသတ်မရှိ သိုလှောင်နိုင်မှာဖြစ်ပါတယ်။ လုံခြုံမှုအတွက် Fingerprint Sensor လည်း ပါဝင်လာဦးမယ့်အပြင် Speaker အပိုင်းမှာလည်း Active Noise Cancellation ပါဝင်တဲ့အတွက် ကြည်လင်ပြတ်သားစွာ နားဆင်နိုင်မှာဖြစ်ပါတယ်။

ချုံငုံသုံးသပ်ရရင်တော့ Google ရဲ့ ကိုယ်ပိုင်ထုတ်လုပ်တဲ့ smartphone ဖြစ်တဲ့ Pixel နဲ့ Pixel XL ဟာ iPhone နဲ့ Samsung ကို အမှန်တကယ် ချိန်းခြောက်နိုင်တဲ့ ဖုန်းတွေ ဖြစ်လာပြီဖြစ်ပါတယ်။ နောက်လာမယ့် Version တွေမှာ ဒီထက်တောင် တိုးတက်လာဦးမယ်လို့ ယူဆရပါတယ်။ Note 7 ပြန်အပ်ပြီး ဘာဝယ်ရင်ကောင်းမလဲ စဉ်းစားနေသူတွေရော၊ ဈေးနှုန်းအမြင့်နဲ့ အရည်အသွေးမြင့်ဖုန်း ကိုင်ချင်သူတွေအတွက်ပါ ရွေးချယ်သင့်တဲ့ ဖုန်းဖြစ်တယ်လို့ပဲ သုံးသပ်လိုက်ပါတယ်။

 

ကျော်စိုးအောင်

www.akhayar.com