ဘီလျံနာပေါက်စလေး Zuckerberg က အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ပြိုင်တော့မယ်လို့ သတင်းတွေထွက်လာလိုက်၊ မသေချာဘူးလို့ငြင်းလိုက်နဲ့ မုန့်လုံးစက္ကူကပ်နေတာ အတော်ကြာပါပြီ။ အခုလည်း Zuckerberg တစ်ယောက် သမ္မတရွေးကောက်ပွဲဝင်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သူ့သတင်းမှန်သမျှကိုလိုက်လှန်ဖတ်တော့တာပါပဲ။

ဟိုလိုလို၊ဒီလိုလို

ဇန်နဝါရီလ ၄ ရက်တုန်းက Techcrunch ခေါင်းကြီးပိုင်းမှာ အစိုးရတာဝန်တွေကိုထမ်းဆောင်ခဲ့ရင်တောင်မှFacebook ကို ဆက်လက်မောင်းနှင်ချင်တယ်လို့ပြောထားပါတယ်။ နောက်ပြီးတော့ ၂၀၁၇ ခုနှစ်ထဲမှာ သူကပြည်နယ် ၅၀ စလုံးက လူထုနဲ့တွေ့ဆုံစကားပြောချင်တယ်လို့လဲပြောထားပါသေးတယ်။ ဒါမျိုးတွေ့ဆုံတာကနိုင်ငံရေးသမားတွေပဲ လုပ်လေ့ရှိတဲ့အလုပ်ဖြစ်သလို နိုင်ငံရေးသြဇာတည်ဆောက်တဲ့ပုံစံမျိုးပါ။ နောက်ပြီးတော့ Zuckerberg က ဘာသာမဲ့တစ်ယောက်ဖြစ်နေတာကလည်း သူ့ရဲ့နိုင်ငံရေးပုံရိပ်ကို ထိခိုက်နိုင်ပါတယ်။BuzzFeed News ကနေ ဇူကာဘတ်ကို “သမ္မတအဖြစ်ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ်ရှိပါသလား” လို့မေးတုန်း “No” ဆိုပြီးတော့ဖြေခဲ့ပါတယ်။ ကျွန်တော်က အခုအချိန်မှာ Facebook အတွက်အာရုံစိုက်နေပြီး ကျွန်တော်ရဲ့ Chan Zukerberg  ပရောဂျက်အတွက်ပဲ အလုပ်လုပ်နေပါတယ်တဲ့။

You May Also Like: “၂၀၄၂ ခုနှစ်မှာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ ဖြစ်လာမယ့် ဘီဂိတ်”

လူသိမခံချင်သေးတာလား

ဒါပေမယ့်စဉ်းစားစရာက တိတိကျကျကြီးငြင်းလိုက်တဲ့ပုံစံမျိုးမဟုတ်ပဲ လတ်တလောအစီအစဉ်မရှိသေးဘူးလို့ပြောသလိုပုံစံမျိုးဖြစ်နေတာပါ။ နောက်ပြီးတော့ သမ္မတအဖြစ်ရွေးကောက်ပွဲ အစီအစဉ်မရှိသေးဘူးဆိုတော့ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒါမှမဟုတ် အစိုးရအဖွဲ့ဝင်တစ်နေရာရာအတွက်ပြင်ဆင်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒေါ်နယ်ထရမ့်ရွေးကောက်ပွဲမှာ အောင်ပွဲရသွားတာကိုကြည့်ပြီးတော့ နိုင်ငံရေးလောကမှာ ဘီလျံနာတွေအတွက် နေရာတစ်နေရာရှိနိုင်တယ်ဆိုတာက အသေအချာပါပဲ။ ဇူကာဘတ်ပုံစံကတော့ သူ့ရဲ့နိုင်ငံရေးရဲ့ခြေလှမ်းတွေကို လူသိမခံချင်သေးတဲ့ပုံစံဖြစ်နေပြီး နောက်လေး၊ငါးနှစ်အတွင်းမှာတော့ သမ္မတမဟုတ်ခဲ့ရင်တောင် အစိုးရအဖွဲ့ဝင်တစ်နေရာရာမှာ သူ့ကိုမြင်တွေ့ရဖို့ရှိနေပါတယ်။

မင်းသုခ (အခရာ)

(www.akhayar.com)

Ref: Techcrunch