တက္ကသိုလ်ကျောင်းဆင်း ဘွဲ့ရထားတဲ့ လူငယ်တွေတိုင်းဟာ အလုပ်အကိုင်ကောင်းကောင်းလေးတွေ ရရှိပိုင်ဆိုင်ချင်ကြပါတယ်။ ဒီခေတ်ကြီးမှာကလည်း တက္ကသိုလ်ကနေ ဘွဲ့ရထားရုံနဲ့ အလုပ်အကိုင်ကောင်းကောင်း ရရှိဖို့က အရမ်းလွယ်ကူတယ်လို့ ပြောလို့မရတော့တဲ့ ခေတ်ပါ။ အဲဒါဆိုရင် ဘွဲ့ရပြီးတာနဲ့ ကိုယ်လိုချင်တဲ့ အလုပ်အကိုင် ကောင်းကောင်းလေးရရှိဖို့အတွက် ဘာတွေကို ကြိုတင်ပြင်ဆင်ထားသင့်လဲဆိုတာကို တစ်ချက်လောက် လေ့လာကြည့်ကြရအောင်။

ဘာလုပ်ချင်လဲ ကိုယ့်ကိုယ်ကိုယ်သိအောင် အရင်လုပ်ပါ

အလုပ်ရဖို့ ဘာတွေ ပြင်ဆင်ရမလဲဆိုတာ အရင်မပြောခင် ကိုယ်ဘာလုပ်ချင်လဲဆိုတာ သိအောင် ကိုယ့်ကိုယ်ကိုယ် အရင်ပြန်မေးကြည့်ပါ။ ဒီအချက်ဟာ တကယ်ကို အရေးကြီးပါတယ်နော်။ ဘာလုပ်ချင်လဲဆိုတာ မသိသေးရင် ဘာတက်ရမလဲ ဆိုတာကလည်း ရေရေရာရာ အဖြေထွက်လာမှာ မဟုတ်ပါဘူးနော်။ ဒါကြောင့်မို့ ကိုယ်ဘာလုပ်ချင်လဲဆိုတာကို သေချာစဉ်းစားပြီး စာအုပ်တစ်အုပ်ထဲမှာ ချရေးကြည့်ပါ။ ဘာလုပ်ချင်လဲဆိုတဲ့ ပန်းတိုင်ကို သေချာသိသွားပြီဆိုရင်တော့ ဘာတွေဆက်လုပ်ရမလဲဆိုတာကိုပါ တန်းသိလာပါလိမ့်မယ်။ အဲ့ဒီနောက်မှာတော့ ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့ သက်ဆိုင်တဲ့သင်တန်းကို စတက်လို့ ရပါပြီ။ သင်တန်းမတက်ချင်တဲ့သူတွေလည်း အွန်လိုင်းကနေ Free Class လေးတွေ လေ့လာလို့ရပါတယ်နော်။

CV Form ဘယ်လိုရေးရမလဲ လေ့လာပါ

ဒီခေတ်ကြီးမှာ အလုပ်လျှောက်မယ်ဆိုရင်တော့ အနည်းဆုံး ကိုယ့်ကိုယ်တောင်ရေးထားတဲ့ CV Form လေးနဲ့ အလုပ်လျှောက်နိုင်အောင်တော့ ကြိုးစားဖို့လိုပါတယ်။ မိတ္တူဆိုင်ကနေ အလွယ်တကူဝယ်လာတဲ့ CV Form ကို ဘောပင်နဲ့ ရေးပြီး အလုပ်လျှောက်ရင်တော့ ဆွဲဆောင်မှုရှိမှာမဟုတ်ပါဘူး။ အလုပ်ကောင်းကောင်း ရချင်တယ်ဆိုပြီး ဒီလိုအလွယ်နည်းကိုလိုက်လိုက်ရင် အလုပ်ရှင်တွေဘက်က အထင်ကြီးမှုကိုလည်း ရရှိမှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့ အင်တာနက်ရှိနေတဲ့ ခေတ်ကြီးမှာ အင်တာနက်ကို သုံးတတ်တယ်ဆိုရင် Google လေးခေါက်ပြီး CV Form ရေးနည်းလေးတွေကို ဖတ်ပြီး ကြိုးစားရေးကြည့်ပါ။

Resume

Facebook သုံးရင်းနဲ့လည်း Career Knowledge လေးတွေ ရှဲပေးတဲ့ဟာလေးတွေကို ဖတ်ထားပြီး ကိုယ်ရေးရင် ဘာလေးတွေ အတုခိုးပြီးရေးမယ် ဘယ်လိုထပ်ပေါင်းရေးမယ်ဆိုပြီး လေ့လာမှတ်သားထားပါ။ အလုပ်လျှောက်မယ်ဆိုရင် CV Form နဲ့အတူ ရိုးရိုးရှင်းရှင်း Cover Letter လေး တစ်စောင်ပါ ထည့်ပြီးရေးကာ တင်နိုင်မယ်ဆိုရင်တော့ အင်တာဗျုးခေါ်ခံရဖို့ အခွင့်အလမ်း ပိုများလာပါလိမ့်မယ်နော်။

အင်္ဂလိပ်စာလေ့လာထားပါ

အင်္ဂလိပ်စာတတ်ရင် သူများထက် တစ်ပန်းသာတယ်ဆိုတာ သိကြတယ်မှတ်လား။ကိုယ်ကအင်္ဂလိပ်စာ အားနည်းတယ်လို့ ခံစားရရင် အင်္ဂလိပ်စာသင်တန်းလေးတွေကို အချိန်အားရတုန်း လေ့လာသင်ယူထားပါ။ အင်္ဂလိပ်စာ ကောင်းကောင်းလေ့လာသင်ယူထားရင် တစ်ချိန်ချိန်ကျရင် ကိုယ်က အလုပ်ကို ပြန်ပြီးရွေးချယ်လို့ရနိုင်တဲ့ အနေအထားကိုတောင် ရရှိနိုင်လာပါလိမ့်မယ်။ နိုင်ငံရပ်ခြား အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရှိလာရင်လည်း ကိုယ်က ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ခွင့်ရရှိလာမှာပါနော်။ ကုန်ကုန်ပြောရရင် CV Form တွေ Cover Letter တွေ ရေးရင်တောင် ကိုယ်က E ကျွမ်းတဲ့အတွက် လှလှပပလေးဖြစ်အောင် ပိုရေးနိုင်လို့ အလုပ်ရှင်ဆီကနေ အထင်ကြီးမှုတွေကိုပါ သိမ်းပိုက်ရယူနိုင်ပါတယ်။

Learn English

ကွန်ပျုတာ Skill တွေ လေ့လာထားပါ။

ဒီနေ့ခေတ်ကြီးမှာ ဘာအလုပ်ပဲလုပ်လုပ် ကွန်ပျုတာကိုသုံးပြီး လုပ်ရတဲ့ခေတ်ဖြစ်နေတော့ ကွန်ပျုတာကိုလည်း ပရော်ဖက်ရှင်နယ်ကျကျ သုံးတတ်အောင် လေ့လာသင်ယူထားပါ။ အိမ်မှာ ကလိဖူးတာ၊ ဂိမ်းဆော့ဖူးတာလောက်နဲ့တော့ ကွန်ပျုတာသုံးတတ်တယ်လို့ ပြောလို့မရပါဘူးနော်။ ဒါကြောင့်မို့ ကွန်ပျုတာအခြေခံလောက်ကို ပရော်ဖက်ရှင်နယ်ကျကျသုံးတတ်အောင် မဖြစ်မနေ လေ့လာသင်ယူထားပါ။ ကွန်ပျုတာကို တတ်မြောက်အောင် လေ့လာသင်ယူထားတာက အလုပ်ရနိုင်ဖို့ အခွင့်အလမ်းလည်းပိုများပြီး အလုပ်ရခဲ့ရင်လည်း ကိုယ်ရဲ့ကြိုတင်လေ့လာထားမှုကြောင့် အများအလယ်မှာ ထင်ပေါ်မှုကိုပါ ရရှိနိုင်မှာပါနော်။ ဘာမှတတ်ဘူးဆိုရင်တောင် မြန်မာစာလက်ကွက်နဲ့ အင်္ဂလိပ်စာလက်ကွက်ကို ကျွမ်းကျွမ်းကျင်ကျင်ရိုက်တတ်အောင်တော့ လေ့ကျင့်ထားသင့်ပါတယ်နော်။

Learn Computer Skill

Soft Skill တွေ တိုးတက်အောင် လုပ်ထားပါ။

ဒီခေတ်ကြီးမှာ အလုပ်လုပ်မယ်ဆိုရင် အလုပ်ပဲလုပ်တတ်ဖို့ ကြိုးစားလို့ မရတော့ပါဘူး။ အလုပ်ခေါ်စာတွေကို သေချာကြည့်လိုက်ရင် အလုပ်နဲ့ပတ်သက်တဲ့ဘွဲ့တွေ၊ Diploma တွေနဲ့ Certificate တွေအပြင် တခြား Soft Skill လေးတွေပါ တတ်ကျွမ်းဖို့ လိုအပ်တယ်ဆိုပြီး ရေးသားထားတာတွေကို တွေ့ရမှာပါနော်။ Soft Skill တွေလိုတယ်ဆိုတော့ ဟုတ်ပါပြီ။ Soft Skill က ဘာတွေမှန်းသိထားမှ ဖြည့်တင်းလို့ရမှာမို့ အောက်မှာ အကြမ်းဖျင်းလေးပြောပြပေးလိုက်ပါတယ်နော်။Communication ကောင်းကောင်းလုပ်နိုင်တာ၊ Teamwork ရှိတာ၊ Decision Making လုပ်နိုင်တာ၊ Time Management ကောင်းတာ ၊ Work Ethic ရှိတာမျိုးတွေက Soft Skill တွေပါပဲ။ အခုဖော်ပြထားတဲ့ Soft Skill တွေ ကိုယ်မှာမရှိသေးရင် ရှိအောင်ကြိုးစားတည်ဆောက်ထားလို့ရတာမို့ ကြိုးစားတည်ဆောက်ထားပါနော်။

ဒီအချက်တွေကို အကုန်ပါအောင်ဖြည့်တင်းထားပြီး လက်တွေ့လူနေမှုဘဝကြီးထဲကို ဝင်ရောက်မယ်ဆိုရင်တော့ သူများထက်နှာတစ်ဖျားလေးတော့ သာနေမှာပါနော်။ ကိုယ်မှာ ဒီအချက်တွေကို အကုန်မရှိသေးရင် အခုချိန်ကစပြီး အချိန်မဆွဲဘဲ လေ့လာပြီး အမြန်ဖြည့်တင်းထားလိုက်တော့နော်။ ဒီအချက်တွေအပြင် ပရိသတ်ကြီးသိတဲ့ တခြားအချက်တွေရှိရင်လည်း ထပ်ပေါင်းထည့်ပေးသွားပါဦးနော်။

Photo Credit: Totaljobs , SEDA College 

H.H(Akhayar)

www.akhayar.com