လူတစ်ယောက်က တခြားလူတစ်ယောက်ကို မြင်တဲ့အခါ ရင်ခုန်လာပြီး ကြွေသွားတာက မထူးဆန်းပါဘူး။ ဒီလိုရင်တွေခုန်ပြီး ကြွေဆင်းနေရပေမယ့် မပိုင်ဆိုင်ရသေးတဲ့အတွက်ကြောင့် Crush ဆိုတဲ့ဟာကြီးကဖြစ်လာတာလေ။ အဲဒါတွေခဏအသာထားပါ။ လူတစ်ယောက်ကို Crush မိပြီဆိုရင် သူ့ကိုပိုင်ဆိုင်ချင်တာကတော့ သဘာဝပဲလေ။ သူနဲ့အတူတူ ဘဝကိုဖြတ်သန်းချင်တယ် ဘာတယ်ပေါ့။ ဒါပေမယ့် Crush နဲ့မညားတဲ့ ကံခေသူတွေက အများကြီးဖြစ်နေတယ်ကွာ။ ဒီတော့ Crush ကို ဘယ်လိုအပိုင်ကြံကြမလဲ။
ကိုယ့် Crush ကို ပိုင်ဆိုင်ချင်ရင်

ငါ့ရည်းစားဟောင်းက ဆိုးရွားတယ် ဘာညာ လုံးဝမပြောမိပါစေနဲ့

ကိုယ့်ရည်းစားဟောင်းက ဘယ်လောက်ပဲ ဆိုးရွားနေပါစေကိုယ့်ရဲ့ Crush ရှေ့မှာ ကိုယ့်ရည်းစားဟောင်း မကောင်းကြောင်းကို မပြောမိပါစေနဲ့။ ဘာလို့လဲဆိုတော့ ကိုယ့်သူငယ်ချင်းကို ရည်းစားဟောင်းအကြောင်း ခဏခဏပြောမိရင်တောင် သူငယ်ချင်းဖြစ်တဲ့သူက စိတ်မကြည်မသာဖြစ်ရတယ်။ ကိုယ့် Crush ကို ရည်းစားဟောင်းအကြောင်းပြောမိရင် ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပေါ့။ ပြီးတော့ တစ်ချိန်လုံး Ex အကြောင်းပြောနေလို့ရှိရင် ကိုယ်ကရည်းစားဟောင်းကို စိတ်မပြတ်နိုင်သေးဘူးလို့ ထင်သွားပြီး ကိုယ့်ကိုစဉ်းစားတော့မှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ တိုက်ဆိုင်လို့ ပြောတာက ကိစ္စမရှိပါဘူး။ ဒါပေမယ့် Ex က ဘယ်သူဘယ်ဝါလောက်ပဲပြောပြီးရပ်လိုက်ပါ။ ကျန်တာတွေက အတိတ်မှာချန်ခဲ့ရမယ့် ကိစ္စတွေပါ။

သူ့ရည်းစားဟောင်းက ဆိုးရွားတယ် ဘာညာလည်း သွားမပြောမိပါစေနဲ့

ကိုယ့်ရဲ့အတိတ်က အချစ်ရေးတွေကို အတိတ်မှာပဲ ထားခဲ့သင့်သလို သူ့ရဲ့အတိတ်က အချစ်ရေးတွေကိုလည်း အစပြန်မဖော်သင့်ပါဘူး။ ပြီးတော့ ကိုယ်က သူ့ Ex အကြောင်းကိုလည်း သိတဲ့သူမှမဟုတ်တာ ၊ ဒါကြောင့်သူ့ရည်းစားဟောင်းက မကောင်းဘူးဘာညာ ပြောခွင့်တောင် ကိုယ့်မှာမရှိပါဘူး။ ကိုယ်က Crush ရဲ့ ရည်းစားဟောင်းကို မကောင်းကျောင်းပို့ပြီး စော်ကားမိရင် ကိုယ်ကစိတ်မလုံတဲ့သူတစ်ယောက် ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့သူတစ်ယောက်လို့ ကိုယ့် Crush က ထင်သွားနိုင်တယ်။ ပြီးတော့သူနဲ့သူ့ Ex က အဆင်ပြေပြေနဲ့လမ်းခွဲခဲ့တာဆိုရင် သူ့ Ex မကောင်းကြောင်းကို သွားပြောတာက Crush မကောင်းမြင်တာကို အကြီးအကျယ်ခံရနိုင်ပါတယ်။

နင်ကလေ ဟိုပုံလေးတွေထဲမှာ အရမ်းချောတာပဲဆိုပြီး သွားမပြောမိစေနဲ့

လူတိုင်းလိုလိုလုပ်မိမယ့်အရာတစ်ခုက ကိုယ်သဘောကျတဲ့သူကို Social Media ပေါ်မှာ Follow လုပ်မယ် ၊ သူတို့ရဲ့ Account တွေကို Stalk လုပ်မိမယ် ၊ သူတို့ရဲ့ ပုံတွေကိုကြည့်မယ်ပေါ့။ လက်ရှိပုံတွေရော ၊ ပဝေသဏီကပုံတွေရော လိုက်ကြည့်ပြီး Crush ပြီးရင်း Crush မယ်။ ဒီတော့သိသာသိစေ မမြင်စေနဲ့ပေါ့။ ကိုယ်က နင်ရဲ့အရင်က ဟိုပုံလေးက အရမ်းချစ်ဖို့ကောင်းတယ်ဆိုရင် ကိုယ်ကသူ့ကို ဘယ်လောက် Stalk လုပ်ထားတယ်ဆိုတာ ပေါ်သွားလိမ့်မယ်။ ကိုယ့်ဘက်ကလည်း လုံးဝမရရင်သေတော့ပါမယ်ဆိုတဲ့ပုံမျိုးမထွက်ဖို့လိုတယ်လေ။ ဒါမှသူလည်းနည်းနည်းကြွေမှာပေါ့။ ကိုယ့်အထာနဲ့ကိုယ်နေရမယ်လေ။ ဟုတ်တယ်မလား။ သူ့ကိုကောင်းတာလေးတွေပြောချင်ရင်တောင် အခုလက်ရှိအချိန်မှာ သူဘယ်လောက်လှနေတယ်ဆိုတာလောက်ပဲ ပြောပါ။ အဲဒီလောက်ဆို အဆင်ပြေပါတယ်။

ငါ့လိုလူကို ဘယ်တော့မှကြိုက်မှာ မဟုတ်ပါဘူးလို့ ဘယ်တော့မှ မပြောလိုက်ပါနဲ့

သူများတွေပြောနေသလိုပြောရမယ်ဆိုရင် “ကိုယ့်ကိုယ်ကိုယ်တောင် မချစ်နိုင်ဘူးဆိုရင် သူများကဘယ်လိုချစ်နိုင်မှာလဲ” ပေါ့။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဆိုတာလည်း သိပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့သူတွေက အချိန်တိုင်း စိတ်ပျက်အားငယ်နေတဲ့သူတွေထက်ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ ငါ့လိုလူကို ဘယ်တော့မှကြိုက်မှာ မဟုတ်ပါဘူးလို့ ပြောနေတာက ကိုယ်ကယုံကြည်မှုမရှိဘူးဆိုတာကို ကြော်ငြာနေသလိုပါပဲ။ ကိုယ်ကိုယ်တိုင်ဆိုရင်ရော ဒီလိုလူမျိုးကိုသဘောကျပေးနိုင်မှာလား စဉ်းစားကြည့်ပေါ့နော်။

ငါ့မိဘတွေနင့်ကိုသိပ်သဘောကျမှာပဲလို့ ပြောလို့မဖြစ်ပါဘူး

ဒီစကားကသမီးရည်းစားဖြစ်နေတဲ့သူတွေတောင်မှ ပြောဖို့တော်တော်အချိန်ယူရတဲ့စကားပါ။ မိဘနဲ့တွေ့ပေးမယ်တို့ ၊ ငါ့မိဘတွေကသိပ်ချစ်မှာပဲတို့ ပြောလိုက်ရင် ကိုယ့် Crush နည်းနည်းတော့လန့်သွားနိုင်ပါတယ်။ ကိုယ်ကအတည်ပေါက်ကြီးယူဖို့ထိ စဉ်းစားထားရင်တောင် သူ့ဘက်ကတော့ “ဒီတစ်ယောက်ကဘာလား” ဆိုတဲ့အကွက်တွေ ဖြစ်သွားနိုင်ပါတယ်။

ငါ့စာတွေကိုလည်း မပြန်ဘူးဆိုတာတွေလည်း မပြောပါနဲ့

အမှန်အတိုင်းပြောမယ်နော်။ ဘယ်သူမှ ထိန်းချုပ်ခံရတာကို မကြိုက်ပါဘူး။ အချစ်ရေးတစ်ခုမှာ ထိန်းချုပ်တာတွေများလာရင်လည်း ပြတ်ကျတာများတယ်။ အခုမှသိတဲ့သူတစ်ယောက်က ကိုယ့်ကိုယ်လာပြီး ချုပ်ခြယ်ရင် ပိုပြီးတော့တောင်မကြိုက်သေး။ ဒီတော့ကိုယ့် Crush က ကိုယ့်ကိုစာမပြန်ရင်လည်း နင်ကဘာလို့စာမပြန်တာလဲတွေဘာတွေ သွားမမေးနဲ့။ သူ့ဘာသာမပြန်ချင်လို့ မပြန်တာကို လာပြီးဝင်စွက်ဖက်တယ်ဆိုပြီး ထင်သွားလိမ့်မယ်။

ငါ Single မဖြစ်ချင်တော့ဘူးလို့ မညည်းမိပါစေနဲ့

ရည်းစားမရလို့ဆိုပြီး စိတ်ညစ်နေတာက ကိုယ့်ဟာကိုဖြစ်နေရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ရည်းစားမရလို့ဆိုပြီး Crush ရှေ့မှာ ညည်းနေမယ်ဆိုရင်တော့ Crush အထင်ကြီးတာကို လုံးဝခံရမှာ မဟုတ်ပါဘူး။ Crush ကို အထင်ကြီးစေချင်တယ်ဆိုရင် ကိုယ်ကရည်းစားတစ်ယောက်မရှိလည်း ကိုယ့်ဟာကိုယ်ရပ်တည်နိုင်တဲ့သူတစ်ယောက်ဆိုတာကို ပြနိုင်မှရပါမယ်။ Single မဖြစ်ချင်တော့ဘူးလို့ပြောတာက ကိုယ်ကရည်းစားမရရင်သေတော့မယ်ဆိုတဲ့ အထာမျိုးကိုသွားပြမိသလိုပါပဲ။

ဒါကြောင့် Crush ကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပေါ်မှာပြောခဲ့တဲ့အချက်တွေကို ရှောင်ဖို့လိုကိုလိုပါတယ်နော်။ ဒီအချက်တွေမမှန်ဘူးလို့ထင်ရင်လည်း လက်တွေ့စမ်းကြည့်ပေါ့။ ဟုတ်တယ်မလား။

Piki (Akhayar)

www.akhayar.com