ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲလို့ မြန်မာမှုပြုထားတဲ့ Mixed Martial Arts – MMA ပြိုင်ပွဲတွေဟာ ၂၁ရာစုအစောပိုင်းကနေစပြီး လူကြိုက်များလာခဲ့ပါတယ်။ သံဇကာထဲမှာ ၅မိနစ် ၃ချီ (သို့) ၅ချီ အသေအကြေထိုးသတ်ရရုံမက လဲကျသွားရင်တောင် တိုက်ခိုက်နိုင်တဲ့ ကစားနည်းဖြစ်တာနဲ့အညီ တခြား ဘောင်ဆင်၊ ကစ်ဘောင်ဆင်၊ မွေထိုင်းတွေနဲ့ နှိုင်းယှဉ်ရင် ကြမ်းတမ်းတယ်လို့ သတ်မှတ်လို့ရပါတယ်။ ၆ထောင့် (သို့) ၈ထောင့်ရှိတဲ့ သံဇကာအတွင်းမှာ ကရာတေး၊ ကွန်ဖူး၊ ဘရာဇီးဂျူဂျစ်ဆု၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ နပမ်း၊ မွေထိုင်းစတဲ့ ကိုယ်ခံပညာတွေကို အသုံးပြုပြီး တိုက်ခိုက်ကြရတာဖြစ်ပါတယ်။ ဒါပေမယ့် MMA မှာလည်း စည်းကမ်းတွေ ကန့်သတ်ထားပါသေးတယ်။

ပွဲကစားချိန်အတွင်းမှာ လိုက်နာရမယ့် စည်းကမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ပေါင်ကြားကို မကန်ရဘူး။

၂။ လဲကျနေတဲ့အချိန်မှာ ခေါင်းကို ဒူးနဲ့မတိုက်ရဘူး။

၃။ နောက်ကျော (သို့) ခေါင်းနောက်ပိုင်းကို မတိုက်ရဘူး။

၎။ ခေါင်းမတိုက်ရဘူး။

၅။ မျက်လုံး (သို့) ပါးစပ် မနှိုက်ရဘူး။

၆။ မကိုက်ရဘူး။ ဆံပင်မဆွဲရဘူး။

၇။ လက်မချိုးရဘူး။

၈။ လည်ပင်းမညှစ်ရဘူး။

၉။ သံဇကာဝိုင်းကို အားမပြုရဘူး။

၁ဝ။ သံဇကာဝိုင်းအပြင်ဘက်ကိုရောက်အောင် ပြိုင်ဘက်ကို မဆွဲရဘူး။

 

MMA ကစားနည်းမှာ ကိုယ်အလေးချိန်အလိုက် ဝိတ်တန်းကွာခြားပုံကို ဖော်ပြလိုက်ပါတယ်။ ဒါကတော့ အမျိုးသားတွေအတွက် MMA ဝိတ်တန်းအဆင့်ဆင့်ပါ။

အမျိုးသမီးတွေအတွက် ဝိတ်တန်းအဆင့်ဆင့်ကို ဆက်လက်ဖော်ပြလိုက်ပါတယ်။

ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲမှာ ချန်ပီယံလုပွဲတွေကလွဲလို့ ၅မိနစ်၃ချီ ယှဉ်ပြိုင်ကစားရပါတယ်။ Ultimate Fighting Championship (UFC) ကြီးမှူးကျင်းပတဲ့ MMA ပြိုင်ပွဲတွေနဲ့ ချန်ပီယံလုပွဲတွေမှာတော့ ၅မိနစ်၅ချီ ထိုးသတ်ရပါတယ်။ ၁ချီထိုးပြီးတိုင်း ၁မိနစ်အနားပေးပါတယ်။ MMA နဲ့ UFC ဆိုတာ ကွဲလွဲပါသေးတယ်။ MMA ဆိုတာ ကစာနည်း (Sport) တစ်ခုဖြစ်ပြီးတော့ UFC ဆိုတာ MMA ပြိုင်ပွဲတွေ ကျင်းပနေတဲ့ One Championship လို အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဥပမာ- Football နဲ့ English Premier League ကွာခြားသလိုပါ။ MMA ပြိုင်ပွဲဆိုတာ Stand Fight ရော Ground Fight ပါ ထိုးသတ်ရတာဖြစ်တဲ့အတွက် ကိုယ်ခံပညာကို အပြင်းအထန်လေ့ကျင့်ပြီး ယှဉ်ပြိုင်မှသာ အဆင်ပြေမှာဖြစ်ပါတယ်။ ဖုတ်ပူမီးတိုက် ယှဉ်ပြိုင်မယ်ဆိုရင်တော့ ရလဒ်ကောင်းမှာမဟုတ်တဲ့အပြင် အန္တရာယ်ကြီးမားတဲ့ အားကစားနည်းဖြစ်ပါတယ်။ ဒါတွေကတော့ MMA နဲ့ ပတ်သက်တဲ့အကြောင်းအရာ အကျဉ်းချုပ်ဖြစ်ပါတယ်။ အားကစားဝါသနာရှင်တွေအတွက် တခြားစိတ်ဝင်စားစရာကောင်းတဲ့ ကစားနည်းတွေကို ဖော်ပြဦးမှာဖြစ်တဲ့အတွက် မလွတ်တမ်းစောင့်မျှော်အားပေးပါဦးနော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com