ယခုခေတ်မှာ ဘယ်ပစ္စည်းမဆို စမတ်ပစ္စည်းတွေ ဖြစ်လာပါပြီ။ စမတ်ဖုန်း၊ စမတ်နာရီ၊ စမတ်ကား၊ စမတ်အိမ်သုံးပစ္စည်း စသဖြင့် စမတ်ပစ္စည်းပေါင်းစုံကြောင့် ကျနော်တို့အားလုံးရဲ့ ဘဝနေထိုင်မှုပုံစံလည်း တဖြည်းဖြည်း ပြောင်းလဲလာပြီ ဖြစ်ပါတယ်။

အခုလည်း စမတ်ပစ္စည်းမျိုးစုံ ထုတ်နေတဲ့ Xiaomi က နောက်ထပ် ထူးထူးခြားခြား စမတ်ပစ္စည်း အသစ်တမျိုးကို မူပိုင်ခွင့်တင်လိုက်ပြန်ပါတယ်။ တခါမှတောင် မကြားဖူးတဲ့ “စမတ်မာဖလာ” ပါ။

မာဖလာလို့လည်း ခေါ်တဲ့ လည်စည်းပဝါတွေကို များသောအားဖြင့် ဆောင်းရာသီ ဒါမှမဟုတ် ရာသီဥတုအေးတဲ့အချိန်တွေမှာ ပတ်လေ့ရှိကြပါတယ်။ အရမ်းအေးလာရင် လည်ပင်းမှာ တင်းတင်းပတ်ထားပြီး၊ ပူလာရင် ပြန်လျော့တတ်ကြတာကို သတိထားမိမှာပါ။ ဒါပေမယ့် Xiaomi ရဲ့ “စမတ်မာဖလာ” နဲ့ ဆိုရင်တော့ အတင်းအလျော့ကအစ ကိုယ်တိုင်ကိုယ်ကျ လုပ်နေစရာ မလိုပါဘူး။

Xiaomi “Smart Scarf” က အပြင်အပူချိန်အလိုက် အလိုအလျောက် အတင်းအလျော့ လုပ်ပေးသွားမှာဖြစ်သလို၊ အေးလာရင်လည်း အနွေးဓာတ် ထုတ်ပေးနိုင်ပါသေးတယ်။ Xiaomi က ဒီစနစ်ကို “A smart scarf and its control method” လို့ အမည်တပ်ပြီး မူပိုင်ခွင့်လျှောက်ထားတာ တွေ့ရပါတယ်။

Xiaomi Smart Scarf

Photo: Gizmochina

စမတ်ပဝါဆိုပေမယ့် အပြင်ပန်းအရတော့ သာမန် လည်စည်းပဝါ တထည်အတိုင်းပါပဲ။ ဒါပေမယ့် ပဝါအထည်စထဲမှာ အပူချိန်အာရုံခံဆန်ဆာနဲ့ အနီအောက်ရောင်ခြည်သုံး အပူပေးကိရိယာတို့ ပါဝင်ပါတယ်။ ဒီကိရိယာနှစ်ခု ချိတ်ဆက်ပြီး အပြင်ဘက်အပူချိန်အလိုက် အနွေးဓာတ် ထုတ်ပေးသွားမှာပါ။

Xiaomi Smart Scarf

Photo: Gizmochina

ဒီဇိုင်းပုံကြမ်းအရ Xiaomo စမတ်မာဖလာ မှာ မျှော့ကြိုးပုံစံ အတင်းအလျော့ကိရိယာတခုလည်း ပါဝင်တာ တွေ့ရပါတယ်။ သူ့ကိုလည်း အပူချိန်ဆန်ဆာနဲ့ ချိတ်ဆက်ထားပြီး၊ အပြင်အပူချိန်အတိုင်း အလိုအလျောက် အတင်းအလျော့လုပ်ပေးသွားမယ့် ပုံစံ ဖြစ်ပါတယ်။ မျှော့ကြိုးစနစ် (42) ရဲ့ တဖက်တချက်မှာ လျှပ်စစ်မော်တာ (41) လေးတွေ ထည့်ပေးထားတာ တွေ့ရမှာပါ။ ဒီတော့ ပါဝါပေးမယ့် Power Supply တခုလည်း ပါလာမှာ ဖြစ်ပါတယ်။

ပဝါတထည်မှာ ဒီလို ပစ္စည်းကိရိယာတွေ အစုံ ထည့်ထားရင် တော်တော်လေးသွားမှာပဲလို့ တွေးမိကြမှာပါ။ မူပိုင်ခွင့်မှာလည်း ဒီအကြောင်း အသေးစိတ်မပြောထားပါဘူး။ ဒါပေမယ့် မော်တာနဲ့ ဘက်ထရီတို့ကို ပဝါစ တဖက်တချက်မှာ ထည့်ပေးထားတာကို ကြည့်မယ်ဆိုရင် လည်ပင်းမှာ အလေးချိန် အများကြီး မသက်ရောက်နိုင်ဘူးလို့ ယူဆရပါတယ်။

Xiaomi Smart Scarf

Photo: Gizmochina

Smart Wearble Device တခု ဖြစ်တာကြောင့် သေချာပေါက် Bluetooth ဒါမှမဟုတ် Wi-Fi သုံးပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ ဒီတော့ သီးသန့် Mobile App တခုကနေလည်း ပဝါရဲ့ အပူချိန်၊ အတင်းအလျော့ နှုန်းတွေကို ချိန်ညှိနိုင်ပါလိမ့်မယ်။

လောလောဆယ်မှာတော့ Xiaomi စမတ်မာဖလာ က မူပိုင်ခွင့်အဆင့်မှာပဲ ရှိသေးပါတယ်။ မူပိုင်ခွင့်တိုင်းက တကယ့်ထုတ်ကုန် ဖြစ်လာလေ့မရှိတာ သတိထားသင့်ပါတယ်။ ဒါပေမယ့် Xiaomi ဆိုတာကလည်း ထူးထူးဆန်းဆန်း စမတ်ပစ္စည်းပေါင်းစုံ ထုတ်နေတဲ့ ကုမ္ပဏီတခု ဖြစ်တာကြောင့် ပြောမရပါဘူး။ ထုံးစံအတိုင်း Crowdfunding လုပ်ပြီး ရန်ပုံငွေရလို့ကတော့ တကယ်ထုတ်ရင်လည်း ထုတ်မှာပါ။

ရန်ကုန်ရာသီဥတုနဲ့ ဆိုရင်တော့ စမတ်မာဖလာအစား Sony ရဲ့ “အိတ်ဆောင်အဲကွန်း” လေးကပဲ ပိုအသုံးဝင်မယ်လို့ ထင်ပါတယ်။

Ref: Gizmochina, Mydrivers