မြန်မာအသင်းပါဝင်တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲနဲ့ ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုတွေထွက်ပေါ်လာခဲ့ပြီလို့ သိရပါတယ်။ ဒုတိယအဆင့် အုပ်စုပွဲစဉ်တွေကို အသင်း(၅) သင်းပါဝင်တဲ့ အုပ်စု(၈)ခုနဲ့ယှဉ်ပြိုင်ကစား သွားမှာဖြစ်ပြီး ထိပ်ဆုံး (၈) သင်းနဲ့ အကောင်းဆုံး အုပ်စုဒုတိယ(၈)သင်းထဲက (၄)သင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား တတိယအဆင့် ခြေစစ်ပွဲကို တက်ရောက်ခွင့် ရမှာဖြစ်သလို ၂၀၂၃ အာရှဖလား ၀င်ခွင့်ကိုလည်း ရရှိမှာဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ အကောင်းဆုံးအုပ်စုဒုတိယ(၄)သင်း၊ တတိယ(၈)သင်းနဲ့ အကောင်းဆုံး စတုတ္ထ(၈)သင်းထဲက (၄)သင်းဟာ ၂၀၂၃ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကို တက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။ နောက်ထပ်ကျန်ရှိနေသေးတဲ့ အကောင်းဆုံး စတုတ္ထ (၄)သင်းနဲ့ အုပ်စုအောက်ဆုံး (၈)သင်းတို့ဟာ ၂၀၂၃ အာရှဖလား Play – off ခြေစစ်ပွဲထပ်ပြီး ကစားသွားရမှာဖြစ်ပါတယ်။

မြန်မာအသင်းကတော့ အုပ်စု(F)မှာပါဝင်နေပြီး အာရှအင်အားကြီး ဂျပန် ၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန် ၊ မွန်ဂိုလီယားအသင်းတွေနဲ့ တစ်အုပ်စုထဲ ကျရောက်နေပါတယ်။ အုပ်စုတွင်းပွဲစဉ်တွေကိုတော့ အိမ်ကွင်း(၄)ပွဲ ၊ အဝေးကွင်း(၄)ပွဲယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ မြန်မာအသင်းရဲ့ အုပ်စုမှာ အာရှအင်အားကြီး ဂျပန်အသင်းပါဝင်နေပေမယ့် ကျန်တဲ့ အသင်းတွေက မြန်မာအသင်းနဲ့ ခြေစွမ်းပိုင်းထင်သလောက် ကွာခြားခြင်းမရှိတာကြောင့် ကြိုးစားရင် ကြိုးစားသလောက် အရာထင်မယ့် အခြေအနေမှာရှိနေရှိပြီး အုပ်စုဒုတိယမရခဲ့ရင်တော့ အကောင်းဆုံး အုပ်စု တတိယ(၈)သင်းထဲမှာ ပါဝင်ဖို့ကတော့ အလားအလာကောင်းနေပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲနဲ့ ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲတွေကိုတော့ ၂၀၁၉ စက်တင်ဘာ (၅)ရက်နေ့မှာ စတင်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

Ref: Asian Football Confederation , Wikipedia , Myanmar Football Federation
Photo: Asian Football Confederation
Ko Kyue(Akhayar)
www.akhayar.com