မနက် ၉နာရီကနေ ၅နာရီဆိုတဲ့ အလုပ်ချိန်ဇယားဟာ အလုပ်များများပြီးမြောက်စေချင်ရင်တော့ သိပ်အဆင်မပြေတဲ့ အချိန်ဇယားဖြစ်ပါတယ်။ ဒီအယူအဆအတွက်လည်း သက်သေပြစရာတွေ အများကြီးရှိပါတယ်။

 

တစ်နေ့ကို ၈နာရီအလုပ်ချိန်ဆိုတာ

အလုပ်တွင်ကျယ်မှုအများဆုံးနိုင်ငံတွေဟာ တစ်နေ့ ၈နာရီအလုပ်လုပ်ကြတာ မဟုတ်ပါဘူး၊ အမှန်ပြောရရင် အလုပ်ပြီးမြောက်မှုနှုန်းအမြင့်ဆုံးနိုင်ငံတွေဟာ အလုပ်ချိန်အတိုဆုံးထားတဲ့ နိုင်ငံတွေပါပဲ။

ဥပမာပြောရရင် Luxembourg (လက်ဇမ်ဘာ့ဂ်) နိုင်ငံဟာဆိုရင် ပျမ်းမျှအားဖြင့် တစ်ပတ်ကို နာရီသုံးဆယ်၊ တစ်ရက်ကို ၆နာရီ၊ တစ်ပတ်ကို ၅ရက်ပဲ အလုပ်လုပ်ပေမယ့် တခြားအလုပ်ချိန်ပိုကြာတဲ့ နိုင်ငံတွေထက် ဝင်ငွေပိုရှာနိုင်ပါတယ်။

ဒါဟာ သာမန်ပျမ်းမျှ အလုပ်ပြီးနှုန်းပဲ ရှိသေးပြီး လုံးဝ အလုပ်ပြီးမြောက်မှုနှုန်းအရမ်းမြင့်တဲ့ သူတွေကတော့ တစ်နေ့ကို ၃နာရီကနေ ၆နာရီအထိသာ အလုပ်လုပ်ကြတယ်လို့ သိရပါတယ်။

တကယ်လို့ ခင်ဗျားဟာ ဝင်ငွေလည်း ကောင်းချင်တယ်၊ ကိုယ်ကြိုက်နှစ်သက်တဲ့ အလုပ်မှာလည်း လုပ်နေရတယ်၊ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ အချိန်ဇယားလည်း ရှိချင်တဲ့ သူမျိုးဆိုရင်တော့ အောက်ကအကြောင်းတွေကို ဆက်ဖတ်ကြည့်လိုက်ပါဦး။

 

အရည်အချင်းလား၊ အရည်အတွက်လား။

“သင်ဘယ်နေရာမှာ ရှိသည်ဖြစ်စေ၊အဲဒီနေရာမှာ တကယ်ရှိပါစေ” ဆိုတဲ့ Dan Sullivan ပြောတဲ့ ဆိုရိုးတစ်ခုရှိပါတယ်။ ဆိုလိုချင်တာက လူတွေဟာ အလုပ်ချိန်များတဲ့အခါ အလုပ်လုပ်နေစဉ်မှာ သက်သောင့်သက်သာအနေအထားနဲ့ပဲ အလုပ်လုပ်ကြပါတယ်၊ကြားထဲမှာ Facebook သုံးတာတို့၊ Email ကို မလိုအပ်ဘဲ စစ်တာမျိုးတို့ လုပ်ရင်းပေါ့။ ဘာလို့လဲဆိုတော့ သူတို့စိတ်ထဲမှာ အလုပ်လုပ်ဖို့ အချိန်တွေ အများကြီး ကျန်သေးတယ်ဆိုတာ စွဲနေလို့ပါ။

တကယ်လို့ သင်ဟာ အလုပ်ချိန်ထက် အလုပ်ရလဒ်ကိုပဲ အာရုံစိုက်တတ်တဲ့သူဆိုရင်တော့ အလုပ်လုပ်နေတဲ့အချိန်မှာ ၁၀၀ရာခိုင်နှုန်းအပြည့်အဝအာရုံစိုက်ပြီး အလုပ်နားတဲ့ အချိန်မှာလည်း ပြည့်ပြည့်ဝဝနားတဲ့ နည်းကို ကျင့်သုံးပါ။

အလုပ်မှ မဟုတ်ဘဲ အားကစားလေ့ကျင့်ခန်းလုပ်တယ်ဆိုရင်လည်း ဒီနည်းဟာ ပိုအလုပ်ဖြစ်တာကို တွေ့ရှိရပါတယ်။ အချိန်တိုပြီး ပြင်းပြင်းထန်ထန်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေဟာ ကာလရှည်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေထက် ပိုမို ထိရောက်နေတာကို တွေ့ရတာပါ။

ဥပဒေသကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ထိထိရောက်ရောက်အလုပ်လုပ်ပြီးရင် ကောင်းကောင်းမွန်မွန်အနားယူပါ။

သုတေသနပြုမှုတစ်ခုအရတော့ လူတွေရဲ့ ၁၆ရာခိုင်နှုန်းလောက်ကပဲ Idea အသစ်အဆန်းတွေကို အလုပ်ထဲမှာ ရကြတာပါ။ တကယ့် Idea အသစ်အဆန်းတွေရတဲ့အချိန်က အိမ်မှာ နေတဲ့ အချိန်ဖြစ်ဖြစ်၊ သွားရင်းလာရင်းဖြစ်ဖြစ်၊ အနားယူ ဒါမှ မဟုတ်အားကစားတစ်ခုခု လုပ်နေတဲ့ အချိန်မျိုးမှာ ထွက်ပေါ်လာကြတာ များပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းကလည်း ရှင်းပါတယ်၊ အလုပ်လုပ်နေတဲ့ အချိန်မှာ လူတွေဟာ စိတ်တွေ တင်းကြပ်နေပြီး ကိုယ့်လက်ထဲက အလုပ်ကိုပဲ အာရုံစိုက်လို့ ရပါတယ်။ အလုပ်မရှိလို့ နားနေတဲ့ အချိန်မှာတော့ စိတ်ဟာ တင်းကြပ်မနေဘဲ တောင်တောင်အီအီတွေးနိုင်ပြီး စိတ်ကူးအသစ်အဆန်းတွေ ထွက်လာတော့တာပါပဲ။

ကားမောင်းနေစဉ်ဖြစ်စေ၊ သီချင်းအေးအေးဆေးဆေးနားထောင်နေချိန်ဖြစ်စေ ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေ (ဥပမာ အဆောက်အအုံတွေ၊ မြေယာရှုခင်းတွေဟာ) ခင်ဗျားကို စိတ်ကြည်လင်လန်းဆန်းစေပြီး အကြောင်းအရာသစ်တွေ တွေးနိုင်လာအောင် လှုံ့ဆော်ပေးမှာပါ။ အဲဒီလို စိတ်အားလပ်နေချိန်မှာ အတိတ်ရော၊ ပစ္စုပ္ပန်ရော၊ အနာဂတ်ရော ရောမွှေတွေးနိုင်ပြီး အခုလက်ရှိကြုံနေရတဲ့ ပြဿနာကို အတိတ်က ကြုံခဲ့တုန်းကလည်း ဘယ်လို ရှင်းခဲ့တယ်ဆိုတာမျိုး ပြန်စဉ်းစားရင်း ဥာဏ်အလင်းပွင့်နိုင်ပါတယ်။

ဆိုလိုရင်းကတော့ဗျာ အလုပ်လုပ်နေတဲ့အချိန်မှာ အလုပ်ပဲ လုပ်ပါ။ အလုပ်ကနေ အနားယူတဲ့ အချိန်ဆိုရင်လည်း အပြည့်အဝအနားယူဖို့ပါပဲ။ စိတ်ရောကိုယ်ပါအနားယူလိုက်မှသာ တီထွင်ဖန်တီးနိုင်စွမ်းအပြည့်ရှိတဲ့ စိတ်ကူးစိတ်သန်းတွေ ပြန်ရလာမှာမို့ပါ။

 

နေ့တစ်နေ့ရဲ့ ပထမဆုံး ၃နာရီဟာ ခင်ဗျားရဲ့နေ့တစ်နေ့ အလုပ်ဖြစ်မဖြစ်ကို ဆုံးဖြတ်မှာပါ

စိတ်ပညာရှင် Ron Friedman ရဲ့အဆိုအရ နေ့တစ်နေ့အစရဲ့ ပထမဆုံး ၃နာရီဟာ အဖိုးတန်ဆုံး၊ အလုပ်ပြီးမြောက်မှုအမြင့်ဆုံး ၃နာရီပါပဲတဲ့။ အိပ်နေစဉ်မှာ အနားရထားတဲ့ ဦးနှောက်ဟာ နိုးလာတဲ့ အချိန်မှာ အင်ပြည့်အားပြည့်အလုပ်လုပ်ဖို့ အသင့်ဖြစ်နေပါပြီ။

ဖြစ်နိုင်ရင်တော့ မနက်စောစောထပြီး အလုပ်စလုပ်ပါ။ အလုပ်စလုပ်တော့မယ်ဆိုတာနဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ချရေး၊ ပြီးရင် ဒီတစ်နေ့တာအတွက် ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ ချရေး။ ခေါင်းထဲ ပေါ်လာသမျှအကုန်ကိုလည်း ချရေးသင့်ပါတယ်၊ ပြီးရင် ဆက်သွယ်ရမယ့် လူတွေ၊ ကိုယ့်အလုပ်နဲ့ ပက်သက်သမျှ အတွေးစိတ်ကူး အသစ်အဆန်းတွေ အကုန်လုံး ချရေးပေါ့။

အလုပ်စောစောထလုပ်ဆိုတာ စဉ်းစားကြည့်ရင် မလွယ်ဘဲ ရူးချင်စရာကောင်းပေမယ့် ဒီလို လုပ်တာဟာ ၃၊၄ နာရီဆက်တိုက် အနှောက်အယှက်မရှိ အလုပ်လုပ်နိုင်တာကိုတွေ့ရရင်တော့ ခင်ဗျားတကယ်သဘောကျမှာပါ။

 

မနက်ခင်းတွေကို ကာကွယ်ပါ

အပေါ်ကနည်းလမ်းတွေဟာ လူတိုင်းအတွက် အဆင်မပြေနိုင်လောက်ပါဘူး၊ အထူးသဖြင့် အိမ်ထောင်ရှိ၊ ကလေးငယ်ရှိတဲ့ မိသားစုရှိတဲ့ သူတွေမှာပေါ့။

ဒီလို အခြေအနေမျိုးမှာတော့ အလုပ်ကို ရိုးရိုးရှင်းရှင်းအာရုံစိုက်နိုင်ဖို့ အသုံးများတဲ့ ဗျူဟာတစ်ခုဖြစ်တဲ့ ၉၀-၉၀-၁ ဥပဒေသကို သုံးပါ။ ခင်ဗျားအလုပ်ချိန်ရဲ့ ပထမဆုံး မိနစ် ၉၀ ကို အကောင်းဆုံးအာရုံစိုက်နိုင်ဖို့ဆိုတာ ခင်ဗျားရဲ့ ဦးစားပေးနံပါတ် ၁ အစီအစဉ်အနေနဲ့ ထားပါ။ လုံးဝ Email စစ်ဆေးတာမျိုး ၊  Facebook Notification တွေ စစ်တာမျိုး မလုပ်ပါနဲ့။

ဒီလို အလုပ်တွေ ဖိလုပ်လို့ အကောင်းဆုံးအချိန်မျိုးမှာ အစည်းအဝေးတွေ စီစဉ်တာမျိုးမလုပ်ပါနဲ့။ အကောင်းဆုံးနည်းက အာရုံစိုက်ရမယ့် အလုပ်တွေကို မနက်ပိုင်းမှာ ဖြတ်ပြီး လုပ်စရာရှိတဲ့ အစည်းအဝေးတွေကိုတော့ နေ့လည်ပိုင်း ထမင်းစားချိန်အပြီးမှာ လုပ်တာမျိုးပါ။

အလုပ်ချိန်အစ ပထမဆုံး၃နာရီအတွင်း Social Media တွေ Email တွေ စစ်ဆေးတာမျိုး မလုပ်ဘဲ အလုပ်တွင်ကျယ်အောင်ပဲ ဖိလုပ်ပါ။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ အခြားအရေးမပါတဲ့ ကိစ္စတွေက ခင်ဗျားရဲ့ အချိန်တွေကို ကျကျနနဝင်ရောက်နှောက်ယှက်နေရာယူပါတော့မယ်။

 

အနားယူချိန်မှာ စိတ်ရောကိုယ်ပါ အနားယူပါ။

အနားယူတယ်ဆိုတာ စိတ်ရောကိုယ်ပါ အားအင်ပြည့်ဖို့၊ နောက်တစ်ကြိမ်အလုပ်စရင် ပိုအာရုံစိုက်နိုင်ဖို့ပါ။ ကျွန်တော်တို့ဟာ လူကသာနားတယ်၊ စိတ်က အလုပ်ထဲ အချိန်ပြည့်ရောက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် လူငယ်၊ လူလတ်ပိုင်းတွေက ပိုဆိုးပါတယ်၊ Email ပြန်ဖို့ မီးအမြဲစိမ်းနေပြီး အသင့်ဖြစ်နေတာကို အလုပ်ကြိုးစားတယ်၊ အလုပ်ဂုဏ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာ မဟုတ်ပါဘူး။

အလုပ်ဇောအမြဲကပ်နေမယ်ဆိုရင် အိပ်စက်ခြင်းကို အနှော်က်အယှက်ဖြစ်လာပြီး အိပ်ရေးပျက်စေမှာပါ။ ဒီလိုပဲ တခြားမိသားစုရေးရာတွေ အတွက်လည်း အချိန်မပေးနိုင်ဘဲ ဘဝက မပျော်မရွှင်ဖြစ်လာမှာပါ။ ဒီတော့ အနားယူမယ်ဆိုရင်တော့ ပြည့်ပြည့်ဝဝသာအနားယူပါ။

ဒီအချက်လေးတွေနဲ့ အလုပ်လုပ်ရာမှာ တွင်ကျယ်စေပြီး အချိန်နည်းနည်း၊ ရလဒ်ကောင်းကောင်းနဲ့  Work Hard မဟုတ်ဘဲ Work Smart ဖြစ်ပြီး သူများထက် အမြဲတပန်းသာနေပါစေဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com