FA ဖလားကွာတားဖိုင်နယ် နောက်တစ်ပွဲဖြစ်တဲ့ ၀ုလ်ဗ်နဲ့ မန်ယူပွဲမှာတော့ ၀ုလ်ဗ်အသင်းက (၂-၁)ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပထမဆုံး ရှုံးပွဲတွေ့ခဲ့တဲ့ မန်ယူယာယီနည်းပြ ဆိုးလ်ရှား Ole Gunnar Solskjaer အတွက် ပြိုင်ပွဲစုံ (၂)ပွဲဆက် ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေနဲ့တွေ့ရင် ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တဲ့ ၀ုလ်ဗ်အသင်းဟာ အခုပွဲမှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့ပြီး မန်ယူအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့တယ်။

အခုနောက်ပိုင်းပွဲတွေမှာ ပေါ့ဘာ Pogba နဲ့ ရပ်ရှ်ဖို့ဒ် Marcus Rashford တို့အတွဲ စွမ်းဆောင်ရည်က သိပ်ထိရောက်မှု မရှိတော့ဘဲ အထူးသဖြင့် ပေါ့ဘာဆီက ဘောလုံးမထွက်ရင် မန်ယူတိုက်စစ် အသက်မဲ့လေ့ရှိတာကို အခုပွဲမှာ ထပ်တွေ့ခဲ့ရတယ်။ ၀ုလ်ဗ်က မန်ယူရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ကောင်းကောင်း သိနေပြီး သူတို့ဘက်ခြမ်းမှာ လုံးဝ Space မပေးခဲ့ဘူး။ မန်ယူက တောင်ပံတိုက်စစ်တွေကနေ အဓိက ထိုးဖောက်တာဖြစ်လို့ ၀ုလ်ဗ်အသင်းနည်းဗျူဟာအရ မန်ယူ တိုက်စစ်က ရုန်းကန်ခဲ့ရပါတော့တယ်။ အဓိက ကစားသမားတွေ ပြန်စုံလာမှ မန်ယူ ရလဒ်တွေ ဆိုးနေတာကတော့ အံ့အားသင့်စရာပါပဲ။ ၀ုလ်ဗ်အသင်းအတွက် အဖွင့်ဂိုးကို မိနစ်(၇၀)မှာ ရာအူးလ်ဟီမင်နက်ဇ် Raul Jimenez က ဂိုးရှေ့မှာ ရှုပ်ယှက်ခတ်နေတဲ့အနေအထားက သွင်းယူခဲ့တာပါ။ မန်ယူအသင်း ဂိုးပြန်ရလိုဇောနဲ့ တိုက်စစ်တင်ကစားခဲ့တာက Counter ကောင်းတဲ့ ၀ုလ်ဗ်အသင်း စိတ်ကြိုက်ဖြစ်ခဲ့ရပြီး (၆)မိနစ်လောက်အကြာမှာပဲ တန်ပြန်တိုက်စစ်ကနေ ဂျိုတာ Diogo Jota က ဒုတိယဂိုးသွင်းယူခဲ့တယ်။ ဒီဂိုးမှာ ဂိုးသမား ရိုမဲရိုး Sergio Romero အားနည်းချက်ရှိခဲ့တယ်လို့ ပြောရမယ်။ မန်ယူအသင်းရဲ့တိုက်စစ်ဆင်မှုတွေကို ၀ုလ်ဗ်က အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့ပြီး (၉၅)မိနစ်မှာ ရပ်ရှ်ဖို့ဒ် တစ်ဂိုးပြန်သွင်းပေမယ့် ဆေးမမီတော့ဘဲ ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။

Photo:Opta Joe
Naing Linn(Akhayar)
www.akhayar.com