ပရီးမီးယားလိဂ်ပွဲစဉ်(၂) ပွဲကျန်အဖြစ် အခုည(မြန်မာစံတော်ချိန် အင်္ဂါမနက် ၁း၃၀)အချိန်မှာ ၀ုလ်ဗ်နဲ့ မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေတုန်းက လီဗာပူးလ်၊ အာဆင်နယ်တို့ နိုင်ပွဲရခဲ့ပေမယ့် မန်စီးတီး၊ စပါး၊ ချယ်လ်ဆီးတို့ နိုင်ပွဲပျောက်ခဲ့ပါတယ်။ အခု မန်ယူအသင်းကလည်း အိမ်ကွင်းခြေမာတဲ့ ၀ုလ်ဗ်နဲ့ ဆုံတွေ့ရမှာဖြစ်လို့ ခက်ခက်ခဲခဲကစားရဖို့ ရှိနေပါပြီ။ ရာသီအဖွင့်ပွဲမှာ ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် မန်ယူအသင်း တိုက်စစ်နဲ့ကွင်းလယ်ကစားပုံက သိသိသာသာ တိုးတက်မှု မရှိသေးပါဘူး။ မာစီယဲလ် Martial ၊ ရပ်ရှ်ဖို့ဒ် Rashford တို့ရဲ့ Solo Attacking တွေက အပျက်များသလို၊ ကွင်းလယ်နဲ့ ချိတ်ဆက်ပြီး တိုက်စစ်ဖန်တီးနိုင်စွမ်းကလည်း အားနည်းလွန်းတယ်။ မန်ယူကွင်းလယ်မှာလည်း ပေါ့ဘာ Pogba တစ်ယောက်တည်းသာ လောက်လောက်လားလား အားကိုးစရာရှိပြီး ကျန်တဲ့ကစားသမားတွေရဲ့ အရည်အချင်းက သာမန်လောက်ပါပဲ။

မန်ယူတို့ တစ်ခုကံကောင်းတာက အသစ်ခေါ်ထားတဲ့ ကစားသမားသစ်(၃)ဦးစလုံး အသင်းမှာ မြန်မြန်ဆန်ဆန် အထိုင်ကျခဲ့သလို ခြေစွမ်းလည်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် နောက်ခံလူ မက်ဂွိုင်းယား Maguire က ခံစစ်မှာ Stable အဖြစ်ဆုံး ကစားသမားဖြစ်ပြီး သူရောက်လာတာက မန်ယူအတွက် အရမ်းအကျိုးရှိစေပါတယ်။ ၀ုလ်ဗ်က ရာသီအဖွင့်ပွဲမှာ လက်စတာကို သရေကျခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ကလို မာကျောမှုအပြည့်ရှိနေဆဲပါ။ ဟီမင်နက်ဇ် Jiménez ၊ ဂျိုတာ Diogo Jota တို့အပြင် အခု ကာတိုနီ Cutrone ၊ နီတို Pedro Neto စတဲ့ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ထားတယ်။ ၀ုလ်ဗ်ရဲ့ အားသာချက်က Team Work ကောင်းလွန်းတာဖြစ်ပြီး မနှစ်ကဆိုရင် သူ့အိမ်ကွင်းမှာ အသင်းကြီးတွေကိုတောင် အနိုင်ယူပြခဲ့တယ်။ ပိုဆိုးတာက မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၀ုလ်ဗ်နဲ့ (၃)ကြိမ်ဆုံတွေ့တာမှာ တစ်ပွဲမှ အနိုင်မရခဲ့ဘူး။ ပရီးမီးယားလိဂ် အိမ်ကွင်းမှာ သရေ၊ အဝေးကွင်းမှာ ရှုံး၊ FA ဖလားမှာလည်း (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ ၂၀၀၃-၀၄ ရာသီကစလို့ ၀ုလ်ဗ်က မန်ယူကို ဒုက္ခပေးလေ့ရှိတဲ့အသင်းဖြစ်ပြီး ပြိုင်ပွဲစုံ အိမ်ကွင်း နောက်ဆုံး (၇)ပွဲမှာ (၄)ပွဲအထိ အနိုင်ရထားတယ်။ လက်ရှိအနေအထားအရတော့ မန်ယူ စိတ်ဓာတ်တက်နေတဲ့အချိန်ဆိုပေမယ့် ၀ုလ်ဗ်ကွင်းမှာတော့ မလွယ်လောက်ဘူး။ ၀ုလ်ဗ် သရေတစ်မှတ် ရယူသွားဖို့ရှိနေပြီး (၁-၁)ဆိုတဲ့ ရလဒ်ကို ပိုကြိုက်မိတယ်။

Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com