ဘောလုံးရာသီကုန်ခါနီးမှာတော့ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ထုံးစံအတိုင်း ခြေပြန်မှန်လာပြီး ပွဲတိုင်းလိုလို ပုံမှန်ခြေစွမ်းကို ပြနေပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း အားလုံးသိတဲ့အတိုင်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အင်္ဂလန်ပြည်တွင်းမှာတော့ အောင်မြင်မှု အစဉ်အလာကြီးမားပေမယ့် ဥရောပမှာတော့ အောင်မြင်မှုသိပ်မရှိတဲ့ အသင်းပါ။ ဥရောပအောင်မြင်မှုအဖြစ် အာဆင်နယ်အသင်းဟာ ၁၉၉၃ – ၁၉၉၄ ဘောလုံးရာသီက UEFA Cup Winners’ Cup နဲ့ ၁၉၆၉ – ၁၉၇၀ ဘောလုံးရာသီက Inter-Cities Fairs Cup တွေကို ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဂန္ထ၀င်နည်းပြ အာစင်ဝင်းဂါး Arsene Wenger တောင် အသင်းအတွက် ဥရောပအောင်မြင်မှုရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ဥရောပအောင်မြင်မှုနဲ့ ဝေးကွာနေတာ နှစ်ကာလတော်တော်လေးကို ကြာမြင့်နေပြီဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုတွေးတောမိခဲ့တာကတော့ နည်းပြအမ်မရီ Unai Emery ဟာ အာဆင်နယ်အသင်းအတွက် ဥရောပအောင်မြင်မှု ရှာဖွေပေးမယ့်သူလား ဆိုတဲ့ အရာပါပဲ။ ဘာလို့လဲဆိုတော့ နည်းပြအမ်မရီရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ အောင်မြင်မှုမှတ်တမ်းဟာ တော်တော်လေးကို အားရစရာ ကောင်းနေလို့ပါ။ နည်းပြအမ်မရီ ဟာ ဆီဗီလာအသင်းကို တာဝန်ယူကိုင်တွယ်တုန်းက ယူရိုပါလိဂ်ချန်ပီယံဆုကို (၃)နှစ်ဆက်ရရှိခဲ့ပြီး အီတလီလူမျိုးနည်းပြ Giovanni Trapattoni နဲ့ အတူ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး နည်းပြအဖြစ်မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာသာ နည်းပြအမ်မရီ ဟာ အာဆင်နယ်အသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံဆုကိုရရှိခဲ့ရင် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး နည်းပြအဖြစ် တစ်ဦးတည်းမှတ်တမ်းတင်နိုင်မှာလည်း ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ နည်းပြအမ်မရီ ဟာ ရလဒ်ကောင်းအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို သေချာသိနေသူဖြစ်တာကြောင့် ဒီအချက်က အာဆင်နယ်အသင်းအတွက် ကျေနပ်စရာပါပဲ။ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဒီပွဲမှာလည်း ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်။

Photo: The Independent , West Ham World
Ko Kyue(Akhayar)
www.akhayar.com