ကလေးဘဝဆိုတာ ပျော်စရာအတွေးတွေ၊ စိတ်ကူးယဉ်အိပ်မက်တွေအတိပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပျော်ရွှင်မှုဆိုတာ ကလေးဘဝမှာပဲ အပြည့်အဝရနိုင်တာလေ။ ကလေးတွေဆိုတာကလည်း စားလိုက်၊ ကစားလိုက်၊ ပုံဆွဲလိုက်၊ ရေကူးလိုက်၊ ရန်ဖြစ်ငိုယိုလိုက်နဲ့ အလုပ်တွေကိုရှုပ်နေတာပဲ။ နောက်ပြီးတော့ ကလေးတွေက ကာတွန်းကားလည်း ကြည့်ကြသေးတယ်လေ။ သူတို့ကြိုက်တဲ့ကာတွန်းကား လာပြီဆိုရင် TV ရှေ့ကမခွာတော့ဘူးဗျ။

သူတို့အသည်းစွဲကြိုက်တဲ့ Chota Bheem တို့၊ Doremon တို့၊ Mickey Mouse တို့ ကြည့်ပြီးပြီဆိုရင် ကာတွန်းဇာတ်ကောင်တွေအကြောင်း မာန်ပါပါနဲ့ ဇာတ်ကြောင်းပြန်ပြောတော့တာပဲ။ ကာတွန်းကားကို ကြည့်နေပြီဆိုရင် သမာဓိအားကောင်းချက်၊ တည်ငြိမ်လိုက်ပုံများ ကာတွန်းကားထဲမှာ ဈာန်ဝင်နေတာကိုး။ ကလေးတွေ ဘာလို့ ကာတွန်းကားကို ကြိုက်ကြရတာလဲဆိုတာ အဖြေရှာကြည့်ရအောင်ဗျာ။

ကာတွန်းဇာတ်ကောင်တွေက ကလေးတွေလိုပဲ ရိုးရှင်းတဲ့၊အပြစ်ကင်းတဲ့ ဇာတ်ကောင်လေးတွေဖြစ်တယ်။ အလွမ်းဇာတ်ဆန်တဲ့ နေ့စဉ်ဘဝတွေလို ကာတွန်းဇာတ်လမ်းတွေမှာ အခက်အခဲဆိုတာ မရှိဘူး။ ကာတွန်းကားတွေမှာတော့ ကလေးငယ်တွေသာ သိနိုင်တဲ့ ပျော်စရာကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးထားတာ။ လူစွမ်းကောင်းကာတွန်းလေးတွေဟာ ကလေးတွေရဲ့စိတ်ကူးထဲမှာ အားကျစရာဖြစ်အောင် ဖန်တီးထားတာလည်း ပါတာပေါ့လေ။ လူစွမ်းကောင်းမင်းသားဟာ မိစ္ဆာတွေကို အနိုင်ယူပြလိုက်တာကလည်း ကလေးငယ်တွေကို ဆွဲဆောင်စေတယ်။

You May Like : စာမေးပွဲဖြေမယ့် ကလေးတွေကို ဒီလိုကူညီကြမယ်

ကလေးတွေအတွက်တော့ ကာတွန်းဇာတ်လမ်းတွဲကလည်း မိန်းကလေးတွေအတွက်ဆိုရင် ဖက်ရှင်မဂ္ဂဇင်းလိုပါပဲ။ နည်းပညာအကူအညီနဲ့ ဖန်တီးထားတဲ့ ကာတွန်းဇာတ်ကောင်တွေကလည်း ကလေးတွေကို စိတ်ဝင်စားဖွယ် ဖြစ်စေပါတယ်။ ဇာတ်လမ်းရဲ့ အလှည့်အပြောင်း၊ အကွေ့အကောက်တွေကလည်း ကလေးတွေမက လူကြီးတွေတောင် စိတ်ဝင်စားစေတယ်။ ပြီးတော့လည်း ကာတွန်းဇာတ်ဆောင်တွေရဲ့ ရယ်ရွှင်ဖွယ်အပြုအမူတွေကလည်း အသည်းစွဲပဲ။ ကာတွန်းဇာတ်ဆောင်တွေရဲ့ စွန့်စားခန်း၊ အသံအနေအထားတွေကလည်း ဆွဲဆောင်မှုအားကောင်းချက်။ ကလေးတွေက သူတို့ကြိုက်ကြတဲ့ ကာတွန်းဇာတ်လမ်းတွဲတွေရဲ့ ခေါင်းစဉ်သီချင်းတွေကို အလွတ်ရနေတာကို သတိထားမိလာရင် ကာတွန်းဇာတ်လမ်းတွဲတွေမှာ အသံရဲ့အရေးပါပုံကို သဘောပေါက်လာမယ်။

Mickey Mouse တို့လို ကာတွန်းဇာတ်လမ်းတွဲတွေဟာ လူငယ်တွေကြားမှာတောင် အတော်ကိုခေတ်စားလာပါတယ်။ ကာတွန်းဇာတ်လမ်းတွဲတွေဟာ ကလေးငယ်တွေကို ပျော်ရွင်မှုရသ ပေးစွမ်းရုံသာမက ဘဝသင်ခန်းစာကိုပါ သင်ပေးနေပါတယ်။ အဲလို ကလေးတွေဟာ ကာတွန်းကားတွေကို ကြည့်ရှုမှုနှုန်း မြင့်လာလေလေ ကာတွန်းဇာတ်လမ်းတွဲတွေဟာ ခေတ်စားလာလေလေပါပဲ။ လူကြီးတွေကြည့်နေတဲ့ Drama ကားတွေနဲ့ ကလေးတွေကြည့်နေတဲ့ ကာတွန်းကားတွေရဲ့ မတူညီတဲ့အဓိက အချက်ကတော့ ကာတွန်းဇာတ်ဆောင်တွေဟာ အခက်အခဲအားလုံးကို ဖြေရှင်းအောင်နိုင်တာနဲ့ ပျော်ရွှင်စရာဇာတ်သိမ်းမျိုးကို ပေးစွမ်းနိုင်တာပါပဲ။  ကလေးနဲ့ကာတွန်းဆိုတာ ခွဲခြားလို့မရတဲ့အတွက် ကလေးငယ်တွေကို ကာတွန်းဇာတ်လမ်းတွဲကြည့်တာ အားပေးသင့်တယ်လို့ ဆိုပါရစေ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com