တစ်ခါတုန်းက မောင်သိန်းနဲ့ မောင်သောင်းဟာ ဘွဲ့ရပြီးတဲ့နောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါတယ်။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ သူဌေးက မောင်သိန်းကို အရောင်းမန်နေဂျာအနေနဲ့ ရာထူးတိုးပေးလိုက်ပေမယ့် မောင်သောင်းကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ်။ အလုပ်ဝင်တုန်းကလည်း အတူတူ၊ အလုပ်လုပ်တာလည်းအတူတူ၊ သူ့ကျတော့ ရာထူးတိုးပြီး ငါကို ဘာလို့ရာထူး တိုးမပေးတာလဲဆိုပြီး မောင်သောင်းဟာ စိတ်ဆိုးနေခဲ့ပါတယ်။ ဆက်ပြီး သည်းမခံနိုင်တော့တဲ့အတွက် အလုပ်ထွက်စာရေးပြီး သူဌေးဆီ သွားတယ်။

“ဒီမှာသူဌေး . . . ကျနော်နဲ့မောင်သိန်း အလုပ်ဝင်တုန်းက အတူတူပဲ၊ ကျနော်အလုပ်လည်း ကြိုးစားရဲ့သားနဲ့ ရာထူးမတိုးဘူး။ သူ့ကျတော့ မန်နေဂျာဖြစ်သွားပြီ။ အဲကိစ္စ ခင်ဗျားကို မကျေနပ်ဖူး။ ဒီတော့ ကျုပ်အလုပ်ထွက်တယ် ” လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ သူဌေးက မောင်သောင်း အလုပ်ကြိုးစားတာ သိပါတယ် ။ ဒါကြောင့် သူ့သူငယ်ချင်း နဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့ “မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား ” လို့ မေးပါတယ်။ မောင်သောင်းခေါင်းငြိမ့်တော့ ” အေး ဈေးထဲသွားပြီး ဖရဲသီးတစ်လုံးကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ ” လို့ခိုင်းတယ်။

မောင်သောင်းလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။ ”ဖရဲသီးတစ်လုံး နှစ်ထောင်ပါဆရာ” ။ သူဌေးက “အေး . . . . ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်သိန်းကိုလည်း ငါမေးဦးမယ်ကွာ ” ဆိုပြီး မောင်သိန်းကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။ မောင်သိန်းပြန်လာတော့ ” သူဌေးခင်ဗျား ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ်။ ဖရဲသီးတစ်လုံးက နှစ်ထောင်ပါ။ ဆယ်လုံးယူမယ်ဆိုရင် တစ်သောင်းခုနစ်ထောင်နဲ့ ရပါတယ်။ လောလောဆယ်တော့ ဆိုင်မှာ ဖရဲသီးအလုံး ငါးရာတစ်ဆယ်ရှိပါတယ်။ ဆိုင်မှာ ခင်းထားတာက ကိုးဆယ့်ခုနှစ်လုံးပါ။ ကျောက်ဆည်ဘက်ကလာတဲ့ ဖရဲသီးတွေပါ။ အားလုံး လတ်လတ်ဆတ်ဆတ်တွေချည်းပါပဲ ဖုန်းဆက်ချင်ရင်တော့ ဆိုင်ရှင်ရဲ့ဖုန်းနံပါတ် ယူလာပါတယ်” ဆိုပြီး အချက်အလက်အပြည့်အစုံကို သေချာရှင်းပြပါတယ်။ မောင်သောင်းဟာလည်း ကိုယ့်အားနည်းချက်ကို နားလည်သွားပြီးတော့ တိကျစေ့စပ်လွန်းတဲ့ မောင်သိန်းကို အထင်ကြီးလေးစားသွားပါတယ်။ မောင်သောင်းဟာ ထွက်စာလည်း မတင်တော့ဘဲနဲ့ အလုပ်ကို စေ့စပ်သေချာအောင် လုပ်ဆောင်လိုက်တာနဲ့ မကြာခင်မှာပဲ ရာထူးတိုးသွားပါတော့တယ်။

ကဲ . . လောကကြီးမှာ အခြေအနေအတူတူချင်း အလုပ်လုပ်နေတာတောင် သူများတွေ ကိုယ့်ထက် ဘာဖြစ်လို့ သာနေတာလဲဆိုတာ သဘောပေါက်လောက်ပြီလို့ သုံးသပ်မိပါတယ်။ အောင်မြင်တဲ့သူဆိုတာ ကိစ္စတစ်ခုကို တွေးခေါ်တဲ့ လုပ်ဆောင်တဲ့နေရာမှာ သာမန်လူထက် ပိုပြီး မြင်တတ်ပါတယ်။ အဲဒီတော့ တာဝန်တစ်ခုကို ထမ်းဆောင်တဲ့နေရာမှာ မျက်တောင်မွှေးတစ်ဆုံးတင် မကြည့်ဘဲ မျက်စိတစ်ဆုံးကြည့်ပြီး လှမ်းမြင်တတ်တယ်ဆိုရင် အောင်မြင်ပြီလို့ ဆိုချင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com