ပီဇာဆိုတာနဲ့ ဆွဲမလိုက်ရင် Cheese အမျှင်တန်းတွေ၊ နာနတ်သီးဖတ်တွေ၊ ဝက်ပေါင်ခြောက်နဲ့ အရောင်စုံလှတဲ့ ငရုတ်ပွသီး၊ မှိုတွေနဲ့ ပူပူနွေးနွေး ပီဇာချပ်ကြီးကို မြင်ယောင်ပြီး ချက်ချင်း သွားရေကျလာကြတယ်မလား၊ ကျွန်တော်ဆို ချက်ချင်းတောင် ပြေးစားချင်တာ 😛 ။ အခုဆို ပီဇာတွေဆိုတာလည်း အရင်လို ဖြစ်ကတတ်ဆန်းမကောင်းမကန်းတွေ မဟုတ်ဘဲ Pizza Hut တို့လို ပီဇာကောင်းကောင်းအရသာကောင်းကောင်းဆိုင်တွေ ပေါ်လာတော့ စားရတဲ့ သူတွေလည်း ပိုစိတ်ချမ်းသာလာကြတာပေါ့။

Pizza Hut ဆိုရင် Food2U  ကနေ အိမ်အရောက်ပို့လည်း မှာလို့ ရနေတော့ ခုလို မိုးအေးလေးမှာ ထိုင်ရာမထ ဗိုက်ဖြည့်လို့ ရပြီလေ။ အဲဒီလိုမှာပြီးတာနဲ့ တီး..တောင်ဆိုပြီး လူခေါ်ခေါင်းလောင်းသံကို စောင့်ရတာ တကယ့်ကို ရင်ခုန်စရာပါ။ အခရာပရိသတ်ကြီးကတော့ ပီဇာလာပို့တာနဲ့ စားတော့တာပဲမလား။ ကျွန်တော်ကတော့ နည်းနည်းစပ်စုတတ်ဗျ။ ဒီတော့ ပီဇာဘူးဖွင့်လိုက်တာနဲ့ မစားနိုင်သေးဘဲ ပီဇာချပ်အလယ်က ပါပါလာတတ်တဲ့ စားပွဲခုံပုံဒေါက်တိုင်လေးကို ဘာလို့ ထည့်ထားတာလဲ ၊ ဘာလုပ်ဖို့လဲဆိုပြီး အရမ်းစိတ်ဝင်စားမိပါတယ်။

အဲဒါလေးက ဘာလုပ်ဖို့ ထည့်ထားတာလဲပေါ့၊ ဘာအတွက်လဲဆိုပြီး ပီဇာလေးစားရင်း ရှာဖွေကြည့်တော့ (ဒီအတိုင်းတော့ ထိုင်မရှာနိုင်ဘူးလေ 😉 ) အဲဒီ ပလတ်စတစ်ပစ္စည်းလေးကို Pizza Saver (ကဗျာဆန်ဆန်ပြောရရင်တော့ ပီဇာစောင့်ရှောက်ကာကွယ်သူလေး 😀 ) လို့ ခေါ်ပါတယ်တဲ့ ။ သူ့မှာ တခြားနာမည်တွေလည်း ရှိပါသေးတယ်။ Package Saver ၊ Pizza Stack ၊ Pizza Tent ၊ Pizza Nipple လို့လည်း ခေါ်ကြပါတယ်။

 

You May Also Like : “Titanic မှာ အချစ်အတွက် Jack သေဖို့ လိုလို့လား

 

သူ့ရဲ့ အသုံးဝင်ပုံကတော့ ပီဇာပို့တဲ့ နေရာမှာပါ။ ပီဇာကို ပို့ဆောင်ရတော့မယ်ဆိုရင် Cardboard လို့ခေါ်တဲ့ ကတ်ထူပုံးအမာနဲ့ ပို့ကြတယ်မလား။ အဲဒီကတ်ထူပုံးအမာဟာ ပီဇာထည့်ပို့ဖို့ သေချာ ဒီဇိုင်းဆွဲထားတာဖြစ်ပြီး အခြားကတ်ထူပုံးတွေထက် ပိုမာတောင့်ပြီး ထည့်ထားတဲ့ အစားအစာရဲ့ ပူနွေးမှုကို ဆက်လက်ထိန်းထားနိုင်ပါတယ်။ အဲ.. ဒီဇိုင်းပိုင်းအားနည်းချက်တစ်ခုတော့ ရှိနေပါတယ်ဗျ၊ ဘာလဲဆိုတော့ ပီဇာပူပူတစ်ချပ်ကို ဘူးထဲ ထည့်လိုက်ပြီဆိုတာနဲ့ ဘူးရဲ့ အလယ်ဗဟိုဟာ ပီဇာက ထွက်တဲ့ အပူငွေ့ကြောင့် အိကျ၊ ညွတ်ကျလာတတ်တာပါ။ ဘူးထဲမှာ ပီဇာအချိန်ကြာကြာထားလေ၊ ဘူးရဲ့ အလယ်နားတဝိုက်ဟာ အပူငွေ့ကြောင့် နူးအိပျော့ကျလာလေပါပဲ။

ဒီလို အိကျမှတော့ ဘူးအဖုံးနဲ့ ကျွန်တော်တို့ရဲ့ အရသာရှိလှတဲ့ ပီဇာ Toppings တွေ၊ ချိစ်တွေနဲ့ ကပ်ပြီပေါ့ဗျာ (နှမြောစရာပါ) ။ ဒီနေရာမှာ ခုန ဇာတ်လိုက်ကျော်ကြီး Pizza Saver က အသုံးဝင်လာပါပြီ။ အဲဒီ သုံးချောင်းထောက် စားပွဲပုံ ပလတ်စတစ်ပစ္စည်းလေးဟာ ပီဇာချပ်ရဲ့ အလယ်မှာ နေပြီး ပီဇာဘူးနဲ့ ပီဇာကြား မကပ်သွားအောင် ထောက်ကူပေးထားတာပါ။ စဉ်းစားကြည့်ရင်တော့ “ဟာ ဘာမှ မဟုတ်ပါဘူးကွာ” ဆိုပေမယ့် သူမရှိရင်လို့ မြင်ယောင်ကြည့်လိုက်ရင် ခင်ဗျားတို့၊ ကျွန်တော်တို့ ပီဇာဗူးဖွင့်လိုက်တာနဲ့ ပီဇာဗူးပေါ်မှာ ချိစ်တွေ၊ Topping တွေ ကပ်ပါပြီး ပုံပျက်နေတဲ့ ပီဇာတွေကိုပဲ စားရမှာပါ။

ဒီလို အသုံးဝင်တဲ့ ပစ္စည်းလေးကို ထုတ်လုပ်ဖို့ စိတ်ကူးရတဲ့သူကတော့ Carmela Vitale လို့ခေါ်တဲ့ နယူးယောက်၊ Dix Hills အရပ်က အမျိုးသမီးတစ်ယောက်ပါ။ ဒီပစ္စည်းလေးရဲ့ သမိုင်းကြောင်းကလည်း ကြာမြင့်ပါပြီ။ Carmela ဟာ သူ့ရဲ့ စိတ်ကူးထုတ်ကုန်ဖြစ်တဲ့ Package Saver လို့ ခေါ်တဲ့ Pizza Saver ကို ၁၉၈၃ ခုနှစ်မှာ မူပိုင်ခွင့်မှတ်ပုံတင်ဖို့ ကြိုးစားခဲ့ပြီး နှစ်နှစ်အကြာ ၁၉၈၅ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မူပိုင်ခွင့်ရရှိခဲ့ပါတယ်။

ဒီပစ္စည်းလေးတွေဟာ ဈေးလည်း သိပ်မကြီးဘဲ တစ်ခုကို 1 Cent (တစ်ပြားနှုန်း) လောက်သာ ကျသင့်ပေမယ့် တစ်နှစ်ကို ပျမ်းမျှ ပီဇာချပ် သန်း ၃၀၀၀ လောက်ရောင်းရတဲ့ အမေရိကန်နိုင်ငံလိုမျိုးမှာတော့ ဒီပစ္စည်းလေးတွေရဲ့ ရောင်းရငွေ ဘယ်လောက်တောင်ရှိမယ်ဆိုတာ ခန့်မှန်းလို့ ရမှာပါ။

ဒီပစ္စည်းလေးတွေ စိတ်ကူးတီထွင်သူ Carmela ဟာ တီထွင်စဉ်က သိပ္ပံပညာရှင်လည်း မဟုတ်၊ အင်ဂျင်နီယာလည်း မဟုတ်ဘဲ သာမန်ကလေးအမေတစ်ယောက်အဖြစ်ကနေ ပီဇာစားရင်းမှ ဒီရိုးရိုးရှင်းရှင်း အသုံးတည့်တဲ့ ပစ္စည်းလေးကို စိတ်ကူးရခဲ့တာပါ။ ဒီတော့ ကျွန်တော်တို့လည်း အားငယ်စရာမရှိပါဘူး၊ စားနေရင်း သွားနေရင်း စိတ်ကူးကြံဆသမျှတွေဟာ ဒီလို လူ့ပတ်ဝန်းကျင်အတွက် အကျိုးရှိတဲ့ အကြံဥာဏ်သစ်တွေ ထွက်လာနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း 😀

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : wikipedia, gizmodo.com, eater.com

Photo Credit : Business Insider