ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း မန်ယူအသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုက နာမည်ကျော်ကစားသမားတွေကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတာဖြစ်ပေမယ့် နည်းပြဆိုးလ်ရှား Ole Gunnar Solskjaer လက်ထက်မှာတော့ အရည်အသွေးမြင့် လူငယ်ကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတာကို တွေ့ရတယ်။ အခုလောလောဆယ်မှာတော့ မန်ယူအသင်းဟာ ဒီနွေရာသီမှာ ပထမဆုံးကစားသမားခေါ်ယှူုအဖြစ်  ဆွမ်ဆီးအသင်းရဲ့ ဝေးလ်စ်လူငယ် တောင်ပံကစားသမား ဒန်နီယဲလ်ဂျိမ်းစ် Daniel James ကို ခေါ်ယူနိုင်ခဲ့ပါပြီ။ အသက်(၂၁)အရွယ် မထင်မရှား ချာတိတ်တစ်ဦးကို ဆိုးလ်ရှားတစ်ယောက် ဘယ်လိုယုံကြည်မှုမျိုးနဲ့ ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တာလဲ . . .

ပထမဆုံး ပြောရမှာက ဒန်နီယဲလ်ဂျိမ်းစ်ဟာ ကြံ့ခိုင်မှုကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဒဏ်ရာကြောင့် ကာလရှည်အနားယူရတယ်ဆိုတာ မရှိခဲ့ပါဘူး။ ဒါဟာ ဒဏ်ရာပြဿနာများတဲ့ မန်ယူအသင်းအတွက် အားရစရာအချက်တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အဓိက ကစားသမားတွေ အင်ပြည့်အားပြည့် ပွဲထွက်ခဲ့ရတာက လက်ချိုးရေလို့ရပါတယ်။ အဲဒါကြောင့် ဆိုးလ်ရှားဟာ လာမယ့်ရာသီမစခင် ကစားသမားတွေ ကြံ့ခိုင်မှုပြည့်ဝအောင် ပြင်ထားဖို့ သတိပေးထားရတဲ့အထိပါပဲ။ တစ်ဦးချင်းစွမ်းဆောင်ရည်အရ ပြောမယ်ဆိုရင် ဒန်နီယဲလ်ဂျိမ်းစ်ဟာ အလားအလာရှိတဲ့ ကစားသမားတစ်ဦးလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဘယ်၊ ညာတောင်ပံတွေမှာ ကစားနိုင်တဲ့အပြင် ကွင်းလယ်တိုက်စစ်မှာပါ ကစားနိုင်သူဖြစ်ပြီး ပြိုင်ဘက်ခံစစ်တွေနဲ့ One By One တွေ့ရင် ရူးခါသွားအောင် လုပ်ပြနိုင်စွမ်းရှိသူပါ။ လျင်မြန်တဲ့ ပြေးအားကြောင့် ရိုင်ယန်ဂစ် Ryan Giggs လက်သစ်လို့ တင်စားခံထားရသူ ဒန်နီယဲလ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီက တစ်ပွဲပျမ်းမျှ ဘောလုံးဆွဲပြေးတဲ့အကြိမ်က (၇)ကြိမ်အထိရှိပြီး ဒါဟာ မန်ယူကစားသမားတွေထက် သာလွန်တဲ့စွမ်းဆောင်ရည်ဖြစ်ပါတယ်။ မန်ယူအသင်းမှာ တစ်ပွဲပျမ်းမျှ ဘောလုံးဆွဲပြေးမှု အများဆုံးကစားသမား ရပ်ရှ်ဖို့ဒ် Rashford တောင် (၅.၈၇)ကြိမ်သာရှိပါတယ်။

ဆိုးလ်ရှားကြိုက်နှစ်သက်တဲ့ ပုံစံက Counter ပြန်စရင် တိုက်စစ်ကစားသမားတွေဟာ တစ်ချက်ထိ အမြန်ပေး၊ နောက်တန်းတွေကို တစ်ဦးချင်းအစွမ်းနဲ့ ဖြတ်ကျော်ပြေးတာမျိုးဖြစ်လို့ အဲဒီနည်းဗျူဟာအတွက် ဒန်နီယဲလ်ဂျိမ်းစ်က အသင့်တော်ဆုံး ကစားသမားဖြစ်လာပါလိမ့်မယ်။ နောက်တစ်ချက်က ဒန်နီယဲလ်ဂျိမ်းစ်ဟာ Key Passes ၊ Passing လုပ်တဲ့နေရာမှာ အားသာချက်ရှိလို့ Normal Passing တွေသာ များနေတဲ့ မန်ယူကွင်းလယ်အတွက်လည်း အထောက်အပံ့ဖြစ်စေမှာပါ။ အားနည်းချက်တော့ လူကောင်သေးတဲ့အတွက် လေထဲမှာ ဘောလုံးယှဉ်တိုက်တဲ့အခါမျိုးမှာ ပြိုင်ဘက်ကို အသာမရတာနဲ့ တိုက်စစ်အားသန်ကစားသမားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခံစစ်ကို မကူနိုင်တာမျိုးတွေပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ၊ ဒန်နီယဲလ်ဂျိမ်းစ်လို အလားအလာရှိတဲ့ လူငယ်တစ်ဦး မန်ယူကို ရောက်လာတာက အသင်းအတွက် အကျိုးရှိစေမှာဖြစ်ပြီး ဆိုးလ်ရှားရဲ့ လူငယ်သွေးသစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းမယ့် ရည်မှန်းချက်အတွက်လည်း ဒန်နီယဲလ်ဂျိမ်းစ်က အသင့်တော်ဆုံးဖြစ်လိမ့်မယ်လို့ ယူဆမိကြောင်းပါ . . .

REF:manchestereveningnews
Photo:You Tube,Swansea City,The Sun
Naing Linn(Akhayar)
www.akhayar.com