ဘီယာဟာ အရက်တော့ မဟုတ်ပါ၊ တငွေ့ငွေ့လေးနဲ့ အတော်လာတာ’ ဆိုတဲ့ သီချင်းလေးကို ကျနော်တို့ ငယ်ငယ်တုန်းက ကြားဖူးကြတယ်မလား။ အဲဒီလို အတော်လာတဲ့ ဘီယာကို မြန်မာမှာရော၊ ကမ္ဘာမှာရော နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးနေကြတာ အတော့်ကို ကြာလှပါပြီ။

ချဉ်ချဉ်တူးတူး၊ မူးပြီးရော မဟုတ်ဘဲ ဘီယာကို တစိမ့်စိမ့်အရသာခံသောက်ရင်း ဘီယာပုလင်းအများစုဟာ ဘာလို့ အညိုရောင် ဖြစ်ရင် ဖြစ်၊ မဟုတ်ရင် အစိမ်းရောင် ဖြစ်နေရလဲလို့ တွေးကြည့်ဖူးရဲ့လားဗျ။ ကျွန်တော်တော့ တွေးကြည့်၊ လိုက်ရှာကြည့်တာ အတော်စိတ်ဝင်စားစရာကောင်းတယ်၊ ဖြစ်ပုံက ဒီလိုပါ။

ဘီယာကို နှစ်ထောင်ပေါင်းများစွာတည်းက ရှေးဟောင်း အီဂျစ်နဲ့ မက်ဆိုပိုတေးမီးယားနယ်မြေတွေမှာ ချက်လုပ်ခဲ့ကြပါတယ်။ ၁၉ရာစုကို ရောက်တဲ့ အချိန်မှာတော့ ဘီယာချက်လုပ်သူတွေဟာ ဘီယာတွေကို လတ်ဆတ်အောင်ဆိုပြီး ပုလင်းထဲ ထည့်ပြီး ပုလင်းဘီယာဆိုတဲ့ အလေ့အထကို စတင်ခဲ့ကြပါတယ်တဲ့။

ဒါပေမယ့်လည်း ပြဿ နာ ရှိနေသေးတာက နေရောင်အောက်မှာ ဘီယာပုလင်းကို ထားမိခဲ့တယ်ဆိုရင်တော့ ဘီယာတွေဟာ အနံ့ပြယ်ပြီး နံစော်သွားတတ်ပါတယ်။ ဘီယာထည့်သိုထားတဲ့ ဖန်ပုလင်းအကြည်ဟာ ဘီယာရဲ့ အရသာကို ပြောင်းလဲသွားစေနိုင်တဲ့ နေရောင်ခြည် UV Rays တွေ ဖောက်ဝင်လာတာကို မတားဆီးနိုင်လို့ပါဘဲ။

You May Also Like : ” ဘယ်ဘီယာကို အကြိုက်ဆုံးလဲ

အဲဒီနောက်ပိုင်းမှာတော့ ဒီလို မဖြစ်အောင် ကာကွယ်ဖို့ အတွက် အလင်းရောင်တွေကို ပိတ်ကာပေးနိုင်တဲ့ အညိုရောင်ဘီယာပုလင်းတွေကို ပြုလုပ်လာကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာတော့ အညိုရောင်ဖန်စတွေ ပြတ်လတ်ပြီး မလုံလောက်တဲ့ အခါ ဘီယာချက်လုပ်သူတွေက အစိမ်းရောင်ဖန်ပုလင်းတွေနဲ့ ပြောင်းလဲ ထုတ်လုပ်ကြပါတော့တယ်။

ဒီဘက်ခေတ်မှာတော့ ဘီယာရဲ့ အရသာကို တသမတ်တည်း ထိန်းနိုင်ဖို့အတွက် UV ကာကွယ်တဲ့ Coating တွေကိုပါ ဘီယာပုလင်းပေါ်မှာ သုတ်လိမ်းထားနေကြပါပြီ။ ဒီလို ပြောင်းလဲလာတဲ့ နည်းပညာတန်ခိုးတွေကြောင့်သာ ကျွန်တော်တို့လည်း ဘီယာနံနံစော်စော်ကြီးသောက်ရမယ့် ဘဝက ဝေးသွားတယ်ပေါ့ဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com