အာဆင်နယ်အသင်းဟာ တစ်ချိန်တုန်းက လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဆွာရက်ဇ် Luis Suarez ကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ဖူးပေမယ့် ဟာသဆန်တဲ့ ကမ်းလှမ်းမှုကြောင့် အထမမြောက်ခဲ့တာကို အာဆင်နယ်နဲ့ လီဗာပူးလ်ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ ၂၀၁၂-၁၃ ရာသီကုန်မှာ လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ၂၀၁၃ နွေရာသီကာလအတွင်း ဆွာရက်ဇ်ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်တဲ့အခြေအနေဖြစ်ခဲ့တယ်။ လီဗာပူးလ်နဲ့ ဆွာရက်ဇ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ဆွာရက်ဇ်အတွက် ပေါင်သန်း(၄၀)နဲ့အထက် ကမ်းလှမ်းလာမှုရှိရင် တာဝန်ရှိသူတွေက သူ့ကို အသိပေးရမယ်ဆိုတဲ့အချက်လည်း ပါခဲ့တယ်။ အဲဒီမှာ အာဆင်နယ်အသင်းက ပေါင်သန်း(၄၀)+ (၁)ပေါင်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းက လက်မခံခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ခဲ့ရပါတယ်။

အဲဒီအချိန်တုန်းက အာဆင်နယ်အသင်းသာ အတည်ကမ်းလှမ်းခဲ့မယ်ဆိုရင် ဆွာရက်ဇ်ဟာ Gunners တပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာမှာပါ။ ဒါပေမဲ့ အာဆင်နယ်အသင်းက နောက်သလို၊ ပြောင်သလိုလုပ်ခဲ့တာကြောင့် ဆွာရက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ ဆက်ရှိနေခဲ့ပြီး ၂၀၁၄ မှာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတော့တယ်။ အာဆင်နယ်အသင်းက ဘာလို့ ဆွာရက်ဇ်ကို ပေါင်သန်း(၄၀)+(၁)ပေါင်နဲ့ ကမ်းလှမ်းခဲ့လဲဆိုတာကို အသင်းရဲ့အပြောင်းအရွှေ့ကိစ္စရပ်တွေကို တာဝန်ယူခဲ့ဖူးတဲ့ အကြီးအကဲဟောင်း ဒစ်လော Dick Law က အခုလို ဖွင့်ချခဲ့ပါတယ်။ ဒစ်လောက “အဲဒီနွေရာသီကာလတုန်းက လီဗာပူးလ်အသင်းကနေ ဆွာရက်ဇ် ထွက်တော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ လီဗာပူးနဲ့ ဆွာရက်ဇ်တို့ရဲ့ စာချုပ်အချက်အလက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သတင်းရချိန်မှာ ဒီအချက်က အဓိပ္ပါယ်မရှိဘူးလို့ ယူဆခဲ့ပါတယ်။ ဆွာရက်ဇ်ကို ပေါင်သန်း(၄၀)နဲ့ ကမ်းလှမ်းမယ်ဆိုရင် ဆွေးနွေးခွင့်ရှိတယ်ဆိုတာပါ။ ဒါပေမဲ့ ပေါင်သန်း(၄၀)ဆိုတာက စာချုပ်လျော်ကြေး (Buy-Out Clause) မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆွာရက်ဇ်အတွက် ပေါင်(၄၅)သန်းနဲ့ ကမ်းလှမ်းမယ်လို့စီစဉ်နေပြီး ပေါင်သန်း(၄၀)+(၁)ပေါင်ဆိုတာက ကစားသမားနဲ့ စတင်ဆွေးနွေးနိုင်ဖို့ ကနဦး ကမ်းလှမ်းခဲ့တဲ့ပမာဏဖြစ်ပါတယ်”လို့ Goal.com ကို ပြောကြားခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ၂၀၁၄ ခုနှစ်မှာ ဘာစီလိုနာအသင်းဆီ ပေါင်(၇၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ လာလီဂါ၊ စပိန်ဘုရင့်ဖလားတွေ ရယူနိုင်ခဲ့တာကြောင့် အာဆင်နယ်ကို မပြောင်းဖြစ်တာက ခပ်ကောင်းကောင်းလို့ပဲ သတ်မှတ်ရမလားဆိုတာကတော့ …

REF:Football London
Photo:Luis Suarez Facebook,PA,Rex Features
Naing Linn(Akhayar)
www.akhayar.com