ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း Antoine Griezmann ဟာ ဘီလ်ဘာအိုနဲ့ လာလီဂါရာသီအဖွင့်ပွဲမှာ ကျောနံပါတ်(၁၇)ကို ၀တ်ဆင်ကစားခဲ့ပြီး ဒီနံပါတ်နဲ့ တစ်ရာသီလုံး ၀တ်ဆင်ကစားရမှာဖြစ်ပါတယ်။ ဂရစ်ဇ်မန်းရဲ့ စိတ်ကြိုက်ကျောနံပါတ်က (၇)ဖြစ်ပေမယ့် ဘာစီလိုနာအသင်းမှာ အဲဒီနံပါတ်ကို ကော်တင်ဟို Philippe Coutinho ၀တ်ဆင်နေတာကြောင့် နံပါတ်(၁၇)ကို ရယူခဲ့တာပါ။ အခုအချိန်မှာ ကော်တင်ဟိုဟာ ဘိုင်ယန်မြူးနစ်အသင်းဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့သွားပြီဖြစ်ပေမယ့် ဂရစ်ဇ်မန်းဟာ ကျောနံပါတ်(၇)ကို ပြောင်းလဲဝတ်ဆင်ခွင့် မရှိပါဘူး။ အကြောင်းကတော့ လာလီဂါအဖွဲ့ချုပ်ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ ကစားသမားတစ်ဦးဟာ ရာသီသစ်စပြီဆိုတာနဲ့ သူ ယူထားတဲ့ကျောနံပါတ်အတိုင်း တစ်ရာသီလုံး ၀တ်ဆင်ကစားရမယ်လို့ သတ်မှတ်ထားတာကြောင့်ပါပဲ။

တကယ်လို့ ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့က လာလီဂါရာသီသစ် မစခင်မှာ ဖြစ်ပေါ်ခဲ့ရင်တော့ ဂရစ်ဇ်မန်းဟာ ကျောနံပါတ်(၇)ကို ၀တ်ဆင်ခွင့်ရမှာပါ။ ကော်တင်ဟိုဟာ ဘိုင်ယန်မြူးနစ်အသင်းဆီ (၁)နှစ်လစာ ပေါင်(၁၁)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို အငှားနဲ့ ခေါ်ယူဖို့အတွက် ပေါင်(၈)သန်း ပေးချေရမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ကော်တင်ဟိုကို အပြီးသတ်ခေါ်မယ်ဆိုရင် ပေါင်သန်း(၁၁၀)အထိ ပေးရမှာဖြစ်တာကြောင့် ကော်တင်ဟိုသာ ဘိုင်ယန်မြူးနစ်အသင်းဆီ အပြီးသတ်ရောက်ခဲ့မယ်ဆိုရင်တော့ လာမယ့် ၂၀၂၀-၂၁ ရာသီကျရင် ဂရစ်ဇ်မန်းကို ကျောနံပါတ်(၇)နဲ့ မြင်တွေ့ရဖို့ ရှိနေပါပြီ။

REF:Daily Mail
Photo:FC Barcelona Facebook,
Naing Linn(Akhayar)
www.akhayar.com