နှစ်စဉ်နှစ်တိုင်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဘယ်ကစားသမားက ဆွတ်ခူးနိုင်မလဲဆိုတာ အမြဲလိုလို စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုပါ။ ဒီဆုဟာ တိုက်စစ်ကစားသမားတိုင်းမျှော်လင့်နေတဲ့ ဆုတစ်ခုဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို စိန်ခေါ်နိုင်တဲ့ ကစားသမားအရေအတွက်က အရင်နှစ်တွေကထက်ပိုများနေပါတယ်။ ဒါကြောင့် ပရိသတ်တွေအတွက် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုဆွတ်ခူးနိုင်ခြေရှိတဲ့ ကစားသမားတွေကိုဖော်ပြပေးလိုက်ပါတယ်။

Aubameyang

အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်း Aubameyang ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို လီဗာပူးလ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာနေး Mane ၊ ဆာလာ Salah တို့နဲ့အတူ ပူးတွဲရရှိခဲ့သူဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီးမှာတော့ အူဘာမီယန်း ဟာ (၃)ဂိုးသွင်းယူထားသလို အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကို အဓိကဦးဆောင်သူဖြစ်တာကြောင့်လည်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ထပ်ပြီး မျှော်လင့်ခွင့်ရှိနေပါတယ်။ အူဘာမီယန်း ဟာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပေမယ့် တစ်ခါတစ်လေမှ အခွင့်အရေးကောင်းတွေကို ဖြုန်းတီးတတ်တဲ့ အကျင့်ကို ပြင်နိုင်ရင်တော့ သူ့အတွက်ရော အာဆင်နယ်အသင်းအတွက်ပါ အကျိုးရှိမှာဖြစ်ပါတယ်။

Salah

ဆာလာ Salah ကတော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို နောက်ဆုံး(၂)နှစ်ဆက်ရရှိထားတာကြောင့် (၃)နှစ်ဆက် ရရှိအောင် စွမ်းဆောင်သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ လက်ရှိပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီးမှာ (၃)ဂိုးသွင်းယူထားတဲ့ ဆာလာ ရဲ့ ခြေစွမ်းဟာ အမြင့်ဆုံးမှာရှိနေပြီး အသင်းရဲ့တိုက်စစ်ကစားပုံကလည်း အကောင်းဆုံးမှာရှိနေတာကြောင့် သူ့အတွက် ဂိုးတစ်ဂိုးရဖို့က တကယ့်ကိုလွယ်ကူတဲ့ အနေအထားမှာရှိနေပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ဆာလာ ဟာ တစ်ကိုယ်ကောင်းဆန်တဲ့ အခြေအနေလေးတွေရှိတာကြောင့် သူ့အနေနဲ့ ဒီအရာကိုတော့ ပြင်ဆင်သွားရမှာပါ။ ဆာလာ ဟာ လက်ရှိမှာ ကြိုးစားရင် ကြိုးစားသလောက် အလုပ် ဖြစ်နေတာကြောင့် တစ်ဦးချင်းထူးချွန်ဆုတွေကို စိန်ခေါ်နိုင်ဦးမှာကတော့ သေချာပါတယ်။

Kane

စပါးတိုက်စစ်မှူး ဟယ်ရီကိန်း Kane ကလည်း ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီးမှာ (၃)ဂိုးသွင်းယူထားပါတယ်။ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဟယ်ရီကိန်း ဟာ ၂၀၁၅-၂၀၁၆ ၊ ၂၀၁၆-၂၀၁၇ (၂)ရာသီဆက် ရရှိထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဟယ်ရီကိန်း ဟာ ပရီးမီးယားလိဂ်မှာ ရာသီတိုင်းလိုလိုခြေစွမ်းပြနေပြီး ဂိုးတစ်ဂိုးရဖို့ဆိုတာကလည်း သူ့အတွက် မခက်ခဲတာကြောင့် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို အပြည့်အ၀မျှော်လင့်ခွင့်ရှိနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရာသီကုန်ဆုံးခါနီးမှာ ဒဏ်ရာပြဿနာကြောင့်
ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုပြိုင်ဆိုင်မှုနဲ့ ဝေးကွာခဲ့ရတဲ့ ဟယ်ရီကိန်း ဟာ ဒီရာသီမှာတော့ အရင်ကထက် ပိုကြိုးစားသွားဖို့ ရှိပါပြီ။

Mane

မာနေး Mane ကတော့ လက်ရှိပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီးမှာ သွင်းဂိုး(၂)ဂိုးသာရရှိထားတာကြောင့် ပြိုင်ဘက်ကစားသမားတွေထက် ပိုပြီးကြိုးစားရမယ့် အနေအထားမှာတော့ ရှိနေပါတယ်။ မာနေး ဟာ အရင်ကအဆုံးသတ်ပိုင်း အားနည်းချက် အနည်းငယ်ရှိပေမယ့် လက်ရှိမှာ တိုးတက်မှုတွေရှိလာတာကြောင့် ပြိုင်ဘက်ကစားသမားတွေနဲ့ ဂိုးအရေအတွက် ကွာနေပေမယ့် ရရှိလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အဆုံးသတ်နိုင်ရင်တော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုမျှော်လင့်ခွင့်ရှိပါတယ်။

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဘယ်ကစားသမားဆွတ်ခူးနိုင်မလဲ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Photo: Spur Twitter , The Independent , Vbet News , The National
Ko Kyue(Akhayar)
www.akhayar.com