နှစ်စဉ်နှစ်တိုင်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဘယ်ကစားသမားက ဆွတ်ခူးနိုင်မလဲဆိုတာ အမြဲလိုလို စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုပါ။ ဒီဆုဟာ တိုက်စစ်ကစားသမားတိုင်းမျှော်လင့်နေတဲ့ ဆုတစ်ခုဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို စိန်ခေါ်နိုင်တဲ့ ကစားသမားအရေအတွက်က အရင်နှစ်တွေကထက်ပိုများနေပါတယ်။ ဒါကြောင့် ပရိသတ်တွေအတွက် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုဆွတ်ခူးနိုင်ခြေရှိတဲ့ ကစားသမားတွေကိုဖော်ပြပေးလိုက်ပါတယ်။

Agüero

မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး Agüero ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီးမှာ သွင်းဂိုး(၆)ဂိုးထိ သွင်းယူထားပါတယ်။ အဂွဲရိုး ဟာ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး အဆုံးသတ်သူလို့ ပြောရလောက်အောင်ကို သူ့ရဲ့ဂိုးသွင်းစွမ်းရည်က တော်တော်လေးကို ကောင်းမွန်နေပြီး နေရာစုံကနေ ဂိုးသွင်းနိုင်စွမ်းရှိသူပါ။ မန်စီးတီးအသင်းရဲ့ ကွင်းလယ်မှာ စတာလင် Sterling ၊ ဘာနာဒိုဆေးဗားလ် Bernardo Silva နဲ့ ဒီဘရိုင်းနား De Bruyne တို့လို ကစားသမားကောင်းတွေရှိနေတာကလည်း အဂွဲရိုး အတွက် ကံကောင်းမှုတစ်ခုလို့ ပြောရပါလိမ့်မယ်။၂၀၁၄-၂၀၁၅ ဘောလုံးရာသီက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုရရှိထားပြီး အသက်ကြီးလေပိုကောင်းလေဖြစ်နေတဲ့ အဂွဲရိုး ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ထပ်ရသွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Pukki

နောဝှစ်တိုက်စစ်မှူး ပူကီ Pukki ကတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီးမှာ သွင်းဂိုး(၅)ဂိုးထိ သွင်းယူထားပြီး မထင်မှတ်ထားတဲ့ ခြေစွမ်းကောင်းတွေကို ပြသနေပါတယ်။ ဒါပေမယ့် ပူကီ ရဲ့ ခြေစွမ်းတွေက ကောက်ရိုးမီး ဟုတ် ၊ မဟုတ်ဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်သွားရမှာပါ။ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုရရှိခဲ့တဲ့ ကစားသမားစာရင်းကို ကြည့်ရင် အသင်းငယ်လေးတွေက ကစားသမားတွေလည်းပါဝင်နေတာကြောင့် ပူကီ အနေနဲ့ ဒီဆုကို မျှော်လင့်ခွင့်တော့ ရှိနေပါတယ်။

Sterling

နည်းပြဂွါဒီယိုလာ Guardiola လက်ထက်မှာ ခြေစွမ်းပိုင်းတိုးတက်လာတဲ့ ကစားသမားတွေထဲမှာတော့ စတာလင် လည်း အပါအ၀င်ပါ။ အရင်ကဆိုရင် လျင်မြန်မှုနဲ့ တိုးအားလောက်သာကောင်းတဲ့ စတာလင် ဟာ ဂွါဒီယိုလာ လက်ထက်မှာ ဖန်တီးမှုပိုင်း တိုးတက်လာပြီး အခုဆိုရင် အဆုံးသတ်ပိုင်းပါ ကောင်းလာခဲ့ပါပြီ။ ပြောရရင်တော့ လက်ရှိစတာလင် ဟာ အရင် စတာလင် မဟုတ်ဘဲ တန်းတစ်ခုပိုမြင့်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားတယ်လို့ မြင်မိပါတယ်။ လက်ရှိမှာတော့ စတာလင် ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီးမှာ သွင်းဂိုး(၅)ဂိုးထိ သွင်းယူထားပါတယ်။

Abraham

ဒီရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်လာတဲ့ အေဘရာဟမ် Abraham ကိုလည်း ဒီစာရင်းမှာ မဖြစ်မနေကို ထည့်သွင်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အေဘရာဟမ် ဟာ ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်လို့ပါပဲ။ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို အေဘရာဟမ် ဦးဆောင်မယ်ဆိုတဲ့ အနေအထားဟာ အရင်ကတော့ တွေးတောစရာတွေများနေပေမယ့် အခုဆိုရင်တော့ စိတ်ချလို့ရတဲ့ အခြေအနေမှာရှိနေပါပြီ။ ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီးမှာ သွင်းဂိုး(၄)ဂိုးသွင်းယူထားတဲ့ အေဘရာဟမ် တစ်ယောက် ၂၀၀၉-၂၀၁၀ ဘောလုံးရာသီ ဒရော့ဘာ Drogba ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရခဲ့တဲ့နောက်ပိုင်း ဒီဆုကိုပြန်ယူမယ့် ချယ်လ်ဆီးတိုက်စစ်မှူးဖြစ်လာမလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

အခု ပရိသတ်တွေအတွက် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဘယ်ကစားသမားဆွတ်ခူးနိုင်မလဲ အပိုင်း(၁)ကို ဖော်ပြပေးခဲ့တာပါ။ အပိုင်း(၂)မှာ ကျန်ရှိနေသေးတဲ့ ကစားသမားတွေကို ဖော်ပြပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Photo: Chelsea Twitter , Goal.com , Manchester Evening News , Sports Illustrated
Ko Kyue(Akhayar)
www.akhayar.com