၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ဒီနေ့မှာ အဆုံးသတ်တော့မှာဖြစ်ပြီး (၁၀)ပွဲစလုံးကို (၈း၃၀) တစ်ချိန်တည်းကစားသွားမှာပါတယ်။ နောက်ဆုံးပွဲစဉ်အထိ ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာ အဖြေမပေါ်သေးဘဲ မန်စီးတီးနဲ့ လီဗာပူးလ်တို့ အကြိတ်အနယ် ကစားရဦးမှာပါ။ မန်စီးတီးက ဘရိုက်တန်နဲ့အဝေးကွင်း၊ လီဗာပူးလ်က ၀ုလ်ဗ်နဲ့ အိမ်ကွင်းပွဲတွေ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘယ်အသင်းခြေချော်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အသင်းပဲ ချန်ပီယံဖြစ်ဖြစ် ထိုက်တန်တယ်လို့ ပြောရမှာပါ . . .

ဘရိုက်တန် – မန်စီးတီး (တနင်္ဂနွေ ည ၈း၃၀)

တန်းဆင်းအန္တရာယ်ကို ရှောင်လွှဲနိုင်ခဲ့လို့ ဘရိုက်တန်အတွက် ဘာဖိအားမှ မရှိတော့ပါဘူး။ ဒါပေမဲ့ အိမ်ကွင်းနောက်ဆုံးပွဲမှာတော့ မန်စီးတီးကို ဒုက္ခပေးဖို့ ကြိုးစားဦးမှာပဲ။ နှစ်သင်းရဲ့ ကစားသမားစုဖွဲ့မှုက နှိုင်းယှဉ်စရာ မလိုပေမယ့် အခုနောက်ပိုင်းပွဲတွေမှာ မန်စီးတီးအသင်းဟာ ခံစစ်ပိတ်ကစားတဲ့အသင်းတွေနဲ့ဆို ရုန်းကန်လာရတာကို တွေ့ရတယ်။ ဘန်လေ၊ လက်စတာတို့နဲ့ပွဲတွေမှာ အချိန်တန်လို့ ဂိုးမရရင် မန်စီးတီး ကစားသမားတွေ ဖိအားများပြီး ကစားကွက်ပါ ပျက်သလိုဖြစ်သွားတတ်တယ်။ မထင်မှတ်တဲ့ ဂိုးတွေ ရနေလို့သာ ကံကောင်းတယ်လို့ဆိုရမယ်။ အခုလည်း ဘရိုက်တန်သာ ခံစစ်ပိတ်ကစားရင် မန်စီးတီး ဒုက္ခများဦးမှာပဲ။ ဒါပေမဲ့ မန်စီးတီးကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး (၁-၀)၊ (၂-၀)လောက်နဲ့ နိုင်မယ်လို့ ထင်ပါတယ်။

လီဗာပူးလ် – ၀ုလ်ဗ် (တနင်္ဂနွေ ည ၈း၃၀)

မန်စီးတီးအသင်း ဘယ်လိုရလဒ်ထွက်ပါစေ၊ လီဗာပူးလ်အသင်းကတော့ ကိုယ့်အလုပ်ကို ကိုယ်အကောင်းဆုံးလုပ်ရမှာပါ။ ၀ုလ်ဗ်အသင်းကလည်း ဒီရာသီမှာ အသင်းကြီးတွေနဲ့ဆို ရလဒ်ကောင်းလေ့ရှိတာကြောင့် လီဗာပူးလ် သတိတော့ထားရမယ်။ အဓိက ကစားသမားတချို့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် ပွဲပန်းဒဏ်ခံစားနေရတယ်။ မဖြစ်မနေ အနိုင်ကစားရမယ့် လီဗာပူးလ် ရလဒ်ကောင်းဖို့ များနေပြီး (၂-၁)ဂိုးလောက်နဲ့ နိုင်သွားပါလိမ့်မယ်။

ဘန်လေ – အာဆင်နယ် (တနင်္ဂနွေ ည ၈း၃၀)

အာဆင်နယ်အတွက် အဆင့်(၆)နေရာမှာ ဆက်ရှိနေဖို့ ဒီပွဲကို အာရုံစိုက်ကစားရဦးမှာပါ။ ပရီးမီးယားလိဂ်မှာ (၄)ပွဲဆက် ရှုံးပွဲပျောက်နေတာကိုလည်း ရပ်တန့်ရပါဦးမယ်။ ဘန်လေက ရလဒ်တွေဆိုးနေပေမယ့် အသင်းကြီးတွေနဲ့ဆိုရင် ခံကစားလေ့ရှိတာကို ထည့်တွက်ရမယ်။ ဘန်လေအသင်းအတွက် အမြင့်ဆုံးက သရေတစ်မှတ် မျှော်လင့်ချက်သာဖြစ်ပြီး နိုင်မယ်ဆိုရင်တော့ အာဆင်နယ်ပါပဲ။ (၁-၁) ဒါမှမဟုတ် အာဆင်နယ်နိုင်ရင် (၂-၁)လောက်နဲ့ပဲနိုင်သွားမယ်လို့ ထင်တယ်။

မန်ယူ – ကာဒစ်ဖ် (တနင်္ဂနွေ ည ၈း၃၀)

ရလဒ်တွေ တောက်လျှောက်ဆိုးရွားနေတဲ့ မန်ယူအသင်း အိမ်ကွင်းမှာ သိက္ခာဆယ်ဖို့အတွက် အနိုင်ကစားဖို့ လိုနေပါပြီ။ နောက်ပြီး ယူရိုပါလိဂ်ဝင်ခွင့် တိုက်ရိုက်နေရာရဖို့ မျှော်လင့်ချက်ရှိနေတာကြောင့်လည်း မန်ယူ အမှားခံလို့ မရပါဘူး။ လူငယ်တွေ ပွဲထွက်လာဖို့ရှိနေတာကြောင့် မန်ယူ ကစားအား တက်လာဖို့ရှိနေပြီး ကာဒဖ်စ်ရဲ့ ခြေစွမ်းအရလည်း အိမ်ကွင်းမှာ ရလဒ်ကောင်းရယူဖို့ များပါတယ်။ မန်ယူ (၂)ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားမှာပါ။

Photo:Fox Sports
Naing Linn(Akhayar)
www.akhayar.com