၂၀၁၉ ဥရောပစူပါဖလားပွဲအဖြစ် လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ မြန်မာစံတော်ချိန် ကြာသပတေး မနက်(၁း၃၀)အချိန်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒီရာသီ ပထမဆုံးအဓိက ဆုဖလားအတွက် တိုက်ပွဲဝင်ကြမယ့် ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ ဘယ်အသင်း ဥရောပစူပါဖလားကို ကိုင်မြှောက်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီနှစ်သင်းရဲ့ ဥရောပစူပါဖလားမှတ်တမ်းကို အရင်ဆုံးဖော်ပြချင်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဥရောပစူပါဖလားကို ၁၉၇၇၊ ၂၀၀၁၊ ၂၀၀၅ ခုနှစ်တွေမှာ ဆွတ်ခူးနိုင်ခဲ့ပြီး ၁၉၇၈၊ ၁၉၈၄ ခုနှစ်မှာတော့ ဒုတိယနဲ့ကျေနပ်ခဲ့ရတယ်။ ချယ်လ်ဆီးအသင်းကတော့ ၁၉၉၈ တစ်ကြိမ်သာ ဗိုလ်စွဲခဲ့ပြီး ၂၀၁၂၊ ၂၀၁၃ (၂)နှစ်ဆက် ဒုတိယနေရာသာရရှိခဲ့တယ်။ ဥရောပစူပါဖလား သမိုင်းတစ်လျှောက်မှာတော့ အင်္ဂလန်နှစ်သင်း ဆုံတွေ့တာ ဒီနှစ် ပထမဆုံးပါပဲ။

ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ စုစုပေါင်း (၁၈၁)ပွဲ ဆုံတွေ့ခဲ့ပြီး လီဗာပူးလ်က (၇၇)ပွဲနိုင်၊ ချယ်လ်ဆီးက (၆၃)ပွဲနိုင်၊ (၄၁)ပွဲသရေကျခဲ့ပါတယ်။ ဒီနှစ်သင်း နောက်ဆုံး(၁၂)ကြိမ်ဆုံတွေ့မှုမှာ တစ်သင်းကို တစ်သင်းက ပြတ်ပြတ်သားသား အသာမရခဲ့ဘဲ သရေပွဲတွေ ပိုများခဲ့တယ်။ အဲဒီ(၁၂)ကြိမ်မှာ သရေကျတာက (၆)ပွဲအထိရှိပြီး ချယ်လ်ဆီးက (၃)ပွဲနိုင်၊ လီဗာပူးလ်က (၃)ပွဲနိုင်ခဲ့ပါတယ်။ လက်ရှိ ဒီနှစ်သင်းရဲ့ခြေစွမ်း၊ ကစားသမားအနေအထားကို ချိန်ထိုးကြည့်ရင် ချယ်လ်ဆီးက တစ်ပန်းရှုံးနေသလိုပါပဲ။ အပြောင်းအရွှေ့ပြုလုပ်ခွင့် ပိတ်ပင်ခံထားရတဲ့အပြင် ကစားသမားကောင်းတွေကို ဆုံးရှုံးထားရတာကြောင့် ချယ်လ်ဆီးနည်းပြ လမ်းပတ် Lampard အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ခံစစ်က ဆိုးရွားလွန်းပါတယ်။ မန်ယူနဲ့ကစားခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးအသင်း ကစားပုံ ဆိုးဆိုးရွားရွား မဟုတ်ခဲ့ပေမယ့် ခံစစ်က တစ်ကြိမ်ပေါက် တစ်ဂိုးပေးရတာက စိတ်ပျက်စရာပါ။

လီဗာပူးလ်အသင်းကတော့ မနှစ်က အရှိန်ကို ဆက်ထိန်းထားနေဆဲဖြစ်သလို ဆာလာ Salah ကလည်း ရပ်တန့်လို့ မရတဲ့ကစားသမားအဖြစ် ရပ်တည်နေတုန်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက အာနိုးလ် Trent Alexander-Arnold ၊ ရော်ဘတ်ဆန် Andrew Robertson တို့လို Full Backs တွေရဲ့ တောင်ပံတိုက်စစ် လမ်းကြောင်း၊ MSF အတွဲရဲ့ Attacking Play တွေကို ချယ်လ်ဆီးအသင်း ခံစစ်က ထိန်းချုပ်နိုင်ဖို့ ခက်ပါတယ်။ တိုက်စစ်အပြိုင် ဖွင့်ကစားရင်လည်း ချယ်လ်ဆီး ဒုက္ခရောက်ဖို့ များတယ်။ Possession Game ကို ဦးတည်ပြီး အာနိုးလ်၊ ရော်ဘတ်ဆန်တို့ရဲ့ တိုက်စစ်အလွန်အကျွံ လိုက်ပါမှုကို အခွင့်ကောင်းယူနိုင်မယ်၊ Counter Play တွေ လုပ်နိုင်မယ်ဆိုရင်တော့ ချယ်လ်ဆီး အခြေအနေကောင်းတစ်ခုကို ဖန်တီးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနှစ်သင်းရဲ့ လက်ရှိ Form အရတော့ လီဗာပူးလ်အသင်းက သာနေတာကြောင့် ဥရောပစူပါဖာလးကို ကိုင်မြှောက်နိုင်ဖို့ ပိုနီးစပ်နေပြီး (၂-၁)၊ (၁-၀)ဂိုးရလဒ်တွေနဲ့ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။

Photo:You Tube,Inews,sportsble
Naing Linn (Akhayar)
www.akhayar.com