AIDS တိုက်ဖျက်မှုထက် အဖွဲ့ဝင်တွေရဲ့ခရီးစရိတ်က ပိုများနေလို့ ဝေဖန်ခံနေရတဲ့ WHO

WHO (World Health Organization) ဆိုတာက ကမ္ဘာ့ကုလသမဂ္ဂလက်အောက်မှာရှိပြီးတော့ ကမ္ဘာနဲ့အဝှမ်းကျန်းမာရေးစောင့်ရှောက်မှုတွေကို ပြုလုပ်နေတဲ့အဖွဲ့အစည်းပါ။ ၁၉၄၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ တည် ထောင်ခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ရုံးစိုက်ပါတယ်။ WHO အနေနဲ့ ကမ္ဘာပေါ်မှာ အေအိုင်ဒီအက်စ်၊ အီဘိုလာ၊ ငှက်ဖျားနဲ့ တီဘီရောဂါတွေ ပပျောက်ဖို့အဓိကလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်သလို တစ်ကမ္ဘာလုံးရဲ့ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ အစီရင်ခံစာကိုလည်း နှစ်စဉ်ထုတ်ပြန်ပေးနေကြအဖွဲ့အစည်းကြီးတစ်ခုလည်းဖြစ်ပါတယ်။

အခုအချိန်ထွက်ပေါ်လာတဲ့ အစီရင်ခံစာမှာတော့ World Health Organization (WHO) ရဲ့အသုံးစရိတ်ဟာ အေအိုင်ဒီအက်စ် (ဒါမှမဟုတ်) ငှက်ဖျားရောဂါတိုက်ဖျက်ဖို့ အသုံးပြုရတဲ့အသုံးစရိတ်တွေထက် အဖွဲ့ဝင်တွေရဲ့ခရီးစရိတ်က ပိုပြီးတော့များနေတဲ့အတွက် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်။

အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ လေယာဉ်စီးရင် Business Class ကစီးသလို ကြယ်ငါးပွင့်အဆင့်ရှိတဲ့ဟိုတယ်တွေမှာ တည်းခိုနေကြတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးရဲ့ သွားလာမှုကုန်ကျ စရိတ်ဟာ တစ်နှစ်ကို ဒေါ်လာသန်း ၂၀၀ နီးပါးကုန်ကျနေတယ်လို့ သိရပါတယ်။ တကယ်တော့ဒီငွေကြေးတွေကို ကမ္ဘာကျန်းမာရေးပြဿနာတွေဖြေရှင်းဖို့ ပိုမိုအလေးပေးအသုံးပြုသင့်ပါတယ်။ ပြီးခဲ့နှစ်တုန်းက WHO အနေနဲ့ အေအိုင်ဒီအက်စ်ရောဂါတိုက်ဖျက်မှုအတွက် ဒေါ်လာ ၇၁ သန်း၊ ငှက်ဖျားရောဂါတိုက်ဖျက်မှုအတွက် ဒေါ်လာ ၆၁ သန်း၊ တီဘီရောဂါအတွက် ၅၉ သန်းအသုံးပြုခဲ့ပြီးတော့ပိုလီရောဂါအတွက်တော့ နှစ်စဉ်နှစ်တိုင်း ဒေါ်လာ သန်း ၄၅၉ အသုံးပြုပါတယ်။

WHO ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာ မာဂရက်ချန် (Dr. Margaret Chan) ရဲ့ခရီးစရိတ်ကတစ်နှစ်ကို ဒေါ်လာ ၃၇၀၀၀၀ ရှိပြီးတော့ မကြာမီကပဲ ဂူနီးယား (Guinea) နိုင်ငံမှာ တစ်ညကို ဒေါ်လာ၁၀၀၈ ကျပ်ပေးရတဲ့ဟိုတယ်မှာ တည်းခိုခဲ့တယ်လို့ AP သတင်းဌာနကဆိုပါတယ်။ WHO အနေ့နဲ့ ရောဂါတိုက်ဖျက်ဖို့သူတို့သုံးစွဲခဲ့တဲ့ငွေကြေးတွေအတွက် ဘယ်တုန်းကမှ မေးခွန်းအထုတ်မခံခဲ့ရဖူးဘဲ နိုင်ငံတကာက အခွန်ထမ်းဆောင်နေတဲ့သူတွေက သူတို့ရဲ့ကုန်ကျစရိတ်ကိုကျခံပေးထားတာပါ။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး (WHO) ရဲ့တစ်နှစ်ကုန်ကျငွေ ဒေါ်လာ ၂ ဘီယံခန့်ကို ထောက်ပံ့ထားတာဖြစ်ပြီးတော့ ဒီအထဲမှာမှ အမေရိကန်နိုင်ငံက အများဆုံးထောက်ပံ့ထားပါတယ်။

Photo: AP

Ref: www.nypost.com

 

မင်းသုခ (အခရာ)

(www.akhayar.com)