၂၀၁၈ – ၂၀၁၉ ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ ပွဲစဉ်(၃၅)အထိ ပြီးဆုံးခဲ့ပါပြီ။ ရာသီတစ်ခုလုံးပြီးဆုံးဖို့ (၃)ပွဲအလိုမှာတော့ ချန်ပီယံဆုတိုက်ပွဲနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲတွေက ပြင်းထန်နေသလို ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုတိုက်ပွဲကလည်း ပြင်းထန်နေပါတယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို မျှော်မှန်းနိုင်တဲ့ ကစားသမားတွေရှိနေတာကြောင့် ဒီကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Aguero ( 19 Goals )

မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး Aguero ဟာ ၂၀၁၄ – ၂၀၁၅ ဘောလုံးရာသီက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုရရှိထားသူပါ။ လက်ရှိမှာလည်း မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပွဲစဉ်အားလုံးကို အနိုင်ကစားဖို့လိုအပ်နေတာကြောင့် သူ့ရဲ့ဂိုးတွေကို ထပ်ပြီး မြင်ရမယ့်အနေအထားမှာရှိနေပါတယ်။

Aubameyang ( 19 Goals )

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း Aubameyang ဟာလည်း ဒီရာသီမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို မျှော်မှန်းနိုင်တဲ့ စာရင်းမှာပါဝင်နေပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ကြား ဗျာများနေသလို လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကလည်း ခက်ခဲမှုအပြည့်ရှိနေတာကြောင့် အူဘာမီယန်း အနေနဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုရယူချင်တော့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသဖို့လိုအပ်နေပါတယ်။

Salah ( 19 Goals )

လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာ Salah ဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို (၂)နှစ်ဆက် ရယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ လီဗာပူးလ်အသင်းဟာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်နိုင်ပွဲတွေလိုအပ်နေတာကြောင့် ဆာလာ ရဲ့ ဂိုးတွေကို ထပ်ပြီး မြင်ရမှာသေချာပါတယ်။

Mane ( 18 Goals ) / Sterling ( 17 Goals )

လီဗာပူးလ်နဲ့ မန်စီးတီးတို့ရဲ့ တိုက်စစ်ပိုင်း အသက်သွေးကြော ကစားသမားတွေဖြစ်တဲ့ မာနေး Mane နဲ့ စတာလင် Sterling တို့ ဟာလည်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို မျှော်လင့်ခွင့်ရှိနေပါတယ်။ သူတို့ (၂)ဦးအနေနဲ့ လက်ရှိမှာ သူတို့ထက် သွင်းဂိုးပိုများနေတဲ့ ကစားသမားတွေကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်။

Photo: Arsenal Twitter , Liverpool Twitter , Mundo Albiceleste , International Champions Cup
Ko Kyue(Akhayar)
www.akhayar.com