လူငယ်ကစားသမားတစ်ဦး ဘောလုံးစင်မြင့်ထက်မှာ တောက်ပလာဖို့ဆိုတာက စိန်ခေါ်မှုတွေ၊ ဖိအားတွေ အများကြီး ရင်ဆိုင်ရသလို ပွဲတိုင်းလိုလို ကိုယ့်ရဲ့ပုံမှန်ခြေစွမ်းပြသနိုင်ဖို့လိုအပ်တဲ့အပြင် ဒဏ်ရာပြဿနာတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို ကျော်လွှားနိုင်မှဖြစ်မှာပါ။ အရည်အသွေးရှိပေမယ့် ဒဏ်ရာပြဿနာ၊ ကွင်းပြင်ပ လူနေမှုအကျင့်စရိုက်၊ ပုံမှန်ခြေစွမ်းမထိန်းသိမ်းနိုင်တာကြောင့် ပရိသတ်တွေမျှော်လင့်သလောက် ဖြစ်မလာခဲ့တဲ့ ကစားသမားတွေလည်း အများကြီးပါပဲ။ အခုဖော်ပြချင်တာက အသက်(၂၁)နှစ်မပြည့်ခင် ဥရောပထိပ်သီးလိဂ်(၅)ခုမှာ သွင်းဂိုးအများဆုံးဖြစ်ခဲ့တဲ့ ကစားသမားတွေဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ လာလီဂါက သွင်းဂိုးအများဆုံး လူငယ်ကစားသမားတွေကို ဖော်ပြအပြီး အခုကျန်တဲ့ လိဂ်ပြိုင်ပွဲ(၃)ခုက ကစားသမားတွေကို အပိုင်း(၂)အဖြစ် ဖော်ပြလိုက်တာပဲဖြစ်ပါတယ် . . .

ပြင်သစ်လီဂူး

ပြင်သစ်လီဂူးမှာ အသက်(၂၁)နှစ်မပြည့်ခင် သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားတဲ့သူက ဘယ်သူလဲဆိုတာ အထွေအထူး ပြောစရာလိုမယ်မထင်ပါဘူး။ ပရိသတ်တွေ သိပြီးသားပါပဲ၊ PSG အသင်းရဲ့ ပြင်သစ်လူငယ်တိုက်စစ်ကစားသမား ဘာပေ Kylian Mbappe ဖြစ်ပါတယ်။ မက်ဆီ Lionel Messi ၊ စီရော်နယ်လ်ဒို Cristiano Ronaldo ခေတ်လွန်ဘောလုံးလောကို ဦးဆောင်မယ့်သူအဖြစ် သတ်မှတ်ခံထားရတဲ့ ဘာပေဟာ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ လူငယ်ကစားသမားဘ၀တုန်းက စွမ်းဆောင်ခဲ့တာထက် ပိုကောင်းတဲ့အရည်အသွေးကို ပြသနေပါတယ်။ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တယ်၊ PSG အသင်းနဲ့လည်း ပြည်တွင်းဆုဖလားတွေ အကုန်လုံးကို ရယူခဲ့ပြီးပြီ။ ဒီရာသီ ပြင်သစ်လီဂူးမှာ သူ့ရဲ့သွင်းဂိုးက (၃၀)အထိရှိနေပြီး အသက်(၂၁)နှစ်အောက် လူငယ်ကစားသမားတစ်ဦး ဒီလိုစွမ်းဆောင်ခဲ့တာက ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်လ်ဒို Ronaldo နောက်ပိုင်း (၂၄)နှစ်အတွင်း ပထမဆုံးအကြိမ်ပါပဲ။ အခုဆိုရင် ဘာပေရဲ့ ပြင်သစ်လီဂူးသွင်းဂိုးစုစုပေါင်းက (၅၉)ဂိုးအထိရှိလာပါပြီ။

ဘွန်ဒစ်လီဂါနဲ့ စီးရီးအေ

တစ်ချိန်က ဘောလုံးလောကမှာ ဂျာမန်တွေ စိုးမိုးထားချိန် ၁၉၆၀ ကနေ ၁၉၇၀ကျော်ကာလတုန်းက လူငယ်ကစားသမားတွေ တော်တော်များများ ထွက်ပေါ်ခဲ့ပေမယ့် မော်ဒန်ခေတ်မှာတော့ ဘွန်ဒစ်လီဂါမှာ လူငယ်ကစားသမားတွေ ဂိုးသွင်းရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်လူငယ်ကြယ်ပွင့်တိုက်စစ်မှူးလို့ သတ်မှတ်ရမယ့် ၀ါနာ Timo Werner ဆိုရင် အသက်(၂၁)နှစ်မတိုင်ခင် ဘွန်ဒစ်လီဂါသွင်းဂိုးက (၁၄)ဂိုးသာရှိခဲ့ပါတယ်။ စီးရီးအေကလည်း ဘွန်ဒစ်လီဂါနဲ့ သိပ်မကွာပါဘူး။ အခုနောက်ပိုင်းမှသာ လူငယ်လေးတွေ ထွက်ပေါ်လာတာဖြစ်ပြီး ၂၀၀၀ ၀န်းကျင်ကာလတွေတုန်းက လူငယ်ကစားသမားဆိုရင် စီနီယာအသင်းမှာ ပွဲထွက်ခွင့်ရဖို့ဆိုတာ အိပ်မက်တစ်ခုပါပဲ။ ဒါကြောင့်လည်း စီးရီးအေသွင်းဂိုး (၁၀၀)ကို အသက်အငယ်ဆုံးပြည့်ခဲ့တဲ့ (၆)ဦးမြောက်ကစားသမား အင်တာမီလန်တိုက်စစ်မှူး အီကာဒီ Mauro Icardi ဆိုရင် အသက်(၂၁)နှစ်မတိုင်ခင် စီးရီးအေသွင်းဂိုးက (၁၀)ဂိုးသာရှိခဲ့ပါတယ်။

REF:sportskeeda
Photo:Inquirer Sports,ESPN
Naing Linn(Akhayar)
www.akhayar.com