အလယ်ခေတ်တုန်းက အဂ္ဂိရတ်ပညာရှင်အများအပြားဟာ ပြဒါးကနေ ရွှေဖြစ်အောင် ဖိုထိုးရင်းနဲ့ကြိုးစားခဲ့ဖူးပါတယ်။ ဒါမျိုးက မြန်မာနိုင်ငံမှာလည်းရှိခဲ့ဖူးပါတယ်။ ပြဒါးနဲ့ရွှေက Periodic Table မှာ ကပ်ရပ်တည်ရှိတဲ့အတွက် ပြဒါးက အီလက်ထရွန်ကို ထုတ်နိုင်မယ်ဆိုရင် ရွှေရနိုင်တယ်ဆိုတဲ့သဘောပါ။ အောင်မြင်တဲ့သူတွေရှိကြသလို မအောင်မြင်တဲ့ လူတွေလည်း အများကြီးပါပဲ။ အခုအချိန်မှာတော့ တိကျတဲ့သိပ္ပံပညာနဲ့ ရွှေတွေကို ဖန်တီးနေနိုင်ပါပြီ။ သိပ္ပံပညာရှင်တွေရဲ့ စွမ်းဆောင်မှုနဲ့ပါ။ အလယ်ခေတ်က အဂ္ဂိရတ်ပညာရှင်တွေရဲ့နည်းကတော့ လျှို့ဝှက်လွန်းပါတယ်။

ရွှေတွေက ကျွန်တော်တို့ရဲ့ ကမ္ဘာမြေပေါ်ကို ဘယ်လိုလုပ်ရောက်နေတာပါလဲ။ ရွှေဆိုတာက စကြာဝဠာထဲက ရောက်လာတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ရှင်းပါတယ်။ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ရင် ကြယ်တွေကို တွေ့မှာပါ။ စကြာဝဠာအစက မဟာပေါက်ကွဲမှုဖြစ်စဉ်ကြီး Super Nova ဖြစ်ပြီးတဲ့အခါမှ ရွှေတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ကြယ်တွေမှာ အဓိကပါဝင်ဖွဲ့စည်းထားတာက အပေါ့ဆုံးနဲ့ အရိုးရှင်းဆုံး အက်တမ်ဖြစ်တဲ့ ဟိုက်ထရိုဂျင်ပါ။ ကြီးမားပြင်းထန်တဲ့ဖိအားသက်ရောက်မှုတွေနဲ့  ကြယ်တွေရဲ့အလယ်မှာ နယူးကလိယားပေါင်းစပ်မှု (Nuclear Fusion) ဖြစ်ပေါ်လာပါတယ်။ ဒီလိုဖြစ်စဉ်ကြောင့် ဟိုက်ထရိုဂျင်အက်တမ်ကနေ စွမ်းအင်တွေထွက်ပေါ်လာပါတယ်။ ဒါကြောင့်ပဲ ကြယ်တွေကို ကြည့်လိုက်ရင် မှိတ်တုတ်မှိတ်တုတ်နဲ့ လင်းနေတယ်လို့ တွေ့ရတာပါ။ ဒီလိုနဲ့ နှစ်ပေါင်းများစွာပေါင်းစပ်မှုတွေ ဖြစ်ပေါ်ပြီးတဲ့အခါ ဟိုက်ထရိုဂျင်က ပိုမိုလေးလံတဲ့ဒြပ်စင်တွေဖြစ်တဲ့ ဟီလီယမ်၊ ကာဗွန်နဲ့ အောက်ဆီဂျင်တွေအဖြစ်ပြောင်းလဲသွားပြီး လောင်ကျွမ်းမှုဖြစ်စဉ်က ပိုမိုမြန်ဆန်လာကာသံနဲ့ နီကယ်တွေအဖြစ်ကို ရောက်ရှိလို့လာပါတယ်။ အဲ့ဒီလိုအခြေအနေကိုရောက်တဲ့အခါ နယူးကလိယား (Nuclear Fusion) ကနေ ထွက်ပေါ်နေတဲ့ စွမ်းအင်ကမလုံလောက်တော့ပါဘူး။ ဗဟိုချက်မမှာရှိတဲ့ ဖိအားတွေက အပြင်ကို တွန်းကန်ထွက်လာပြီး အပြင်ကဖိအားတွေက ဗဟိုကိုပြန်ဝင်ပါတယ်။ ဒီလိုမျိုးစွမ်းအင်တွေ ရုတ်တရက် ထိုးဝင်ပြန်ကန်ထွက်မှုကြောင့် ကြယ်စင်ပေါက်ကွဲမှု ဖြစ်စဉ် Super Nova ဖြစ်ပေါ်လာပါတယ်။

အခုလိုကြယ်ပေါက်ကွဲမှုဖြစ်စဉ်ကြီးက အားကောင်းပြင်းထန်လွန်းတာကြောင့် လွင့်စင်သွားတဲ့ ပရိုတွန်နဲ့ အီလထရွန်တွေဟာ ပေါင်းစဉ်းသွားပြီး နယူထရွန်ဖြစ်သွားပါတယ်။ နယူထရွန်က လျှပ်စစ်ဓါတ်မရှိတာမို့ သံ (Fe) အုပ်စုဝင် ဒြပ်စင်တွေကို အလွယ်တကူ ဖမ်းယူနိုင်ပါတယ်။ နယူထရွန်တွေရဲ့ များပြားလှတဲ့ဖမ်းယူမှု တွေကနေကြယ်တစ်ခုရဲ့ ပုံမှန်အခြေအနေမှာ မဖြစ်ပေါ်နိုင်တဲ့ ပိုမိုလေးလံတဲ့ ဒြပ်စင်တွေဖြစ်ပေါ်လာပါတယ်။ ရွှေ၊ ငွေ၊ ခဲနဲ့ ယူရေနီယမ်လို သတ္တုတွေပါ။ ဟိုက်ထရိုဂျင်ကနေ ဟီလီယမ်ဖြစ်ဖို့ အချိန်အများကြီးယူခဲ့ရပေမယ့် Supernova ဖြစ်စဉ်က အချိန်အနည်းငယ်အတွင်းမှာ ဒြပ်စင်တွေအများကြီးကို ဖြစ်ပေါ်စေပါတယ်။

ဒါဆိုပေါက်ကွဲမှုအပြီးမှာ ရွှေတွေ ဘယ်လိုဖြစ်သွားပါလဲ။ Supernova ကဖြစ်ပေါ်လာတဲ့လှိုင်းတွေက ဒြပ်စင်တွေကို အမှုန်အမွှားတွေအဖြစ် အာကာသတစ်ခုလုံးကို သယ်ဆောင်သွားပါတယ်။ အဲ့ဒီအမှုန်အမွှားတွေ ပြန်လည်ပေါင်းစည်းမိပြီး ဂြိုလ်တွေ၊ ကြယ်တွေဖြစ်ပေါ်လာပါတယ်။ ကမ္ဘာမြေပေါ်က ရွှေတွေကလည်း ဒီလိုနည်း နဲ့ဖြစ်ပေါ်လာတာပါ။ ထပ်ပြီးအသေးစိတ်ပြောဦးမယ်ဆိုရင်တော့ အများကြီးပါပဲ။

အခုကျွန်တော်တို့တူးနေကြတဲ့ ရွှေတွေဆိုတာက အဲ့ဒါတွေပေါ့။ ရွှေကတန်ဖိုးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရှားပါးပစ္စည်းတစ်ခုဖြစ်သလို တူးဖော်ရတာလည်း အကန့်အသတ်ရှိလို့ပါ။ သမိုင်းကြောင်းတစ်လျှောက်လုံး ကျွန်တော်တို့တူးဖော်ခဲ့တဲ့ရွှေတွေဟာ အိုလံပစ်ရေကူးကန် သုံးကန်စာမကရှိနေပါပြီ။

ရွှေရဲ့သိပ်သည်းဆက ရေထက်အဆ ၂၀ မက ပိုပါတယ်။ ကျွန်တော်တို့ ရွှေတွေကို မတူးဖော်ဘဲ မြန်မြန်ဆန်ဆန် ထုတ်လို့ရမှာပါလား။ အဖြေကတော့ ရပါတယ်။ ခေတ်သစ်အဂ္ဂိရတ်ထိုးနည်းနဲ့ပေါ့။ ကြယ်တွေက ရွှေဖြစ်သလိုမျိုးကို ကျွန်တော်တို့ကမ္ဘာမြေပေါ်က စွမ်းအားမြင့်အမှုန်တွန်းစက် (Particle Accelerator) တွေနဲ့ ရှုပ်ထွေးတဲ့နယူကလိယားဖြစ်စဉ်တွေကို အသုံးပြုပြီး လုပ်ယူလို့ရပါတယ်။ ဒါပေမယ့် ရွှေ ၁ ဂရမ်လောက်ရဖို့အချိန်အများကြီးယူရမှာဖြစ်သလို အကုန်အကျလည်းအရမ်းများပါမယ်။ ဒါဆိုရင်လူလုပ်ရွှေက လက်ရှိတူးဖော်နေတဲ့ရွှေတွေရဲ့ ကုန်ကျစရိတ်ထက်အများကြီးပိုများသွားပြီး တွက်ချေမကိုက်တော့ပါဘူး။

တကယ်လို့ကုန်းမြေပေါ်ကရွှေတွေကုန်သွားရင်တောင် စိတ်ပူစရာမလိုပါဘူး။ ပင်လယ်သမုဒ္ဒရာတွေထဲမှာ ပျော်ဝင်နေတဲ့ ရွှေတွေအများကြီး ရှိပါသေးတယ်။ ကျွန်တော်တို့နေစကြာဝဠာက အခြားဂြိုလ်တွေပေါ်မှာလည်း ရွှေတွေ ရှိနေနိုင်ပါတယ်။ ရွှေတွေပျောက်ကွယ်သွားမှာကို ဘယ်တော့မှ စိတ်မပူပါနဲ့။ စကြာဝဠာကြီးရှိနေသရွေ့ ရွှေတွေက ရှိနေမှာပါ။ ဘယ်လိုတူးဖော်ရမလဲဆိုတာမသိမှာကိုသာ စိတ်ပူရမှာပါ။

မင်းသုခ (အခရာ)

(www.akhayar.com)