ဒီအကြောင်းကို စပြောရင်တော့ RJ Rappaport လို လူမျိုးက စရမယ်ထင်တယ်။ Rappaport ဟာ အတ္တလန်တာ အခြေစိုက် ရုပ်ရှင်ရိုက်ကူးရာမှာ ပါဝင်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီ RJR Props ကို တည်ထောင်သူဖြစ်ပါတယ်။ သူတို့ ကုမ္ပဏီရဲ့ အဓိကလုပ်ငန်းကတော့ ရုပ်ရှင်ရိုက်ရာမှာ သုံးတဲ့ ငွေစက္ကူတွေကို ဖန်တီးထုတ်လုပ်တာပဲ ဖြစ်ပါတယ်။

RJR Props ရဲ့ ငွေစက္ကူတွေကို “The Wolf of Wall Street (2013)” ၊ “The Fast and the Furious” လို ဇာတ်ကားတွေနဲ့ 50 Cent နဲ့ Kendrick Lamar တို့ရဲ့ Music Video တွေမှာ အသုံးပြုထားပါတယ်။ ငွေစက္ကူတွေကို ပုံနှိပ်ရိုက်ထုတ်တဲ့ လုပ်ငန်းဟာ အရမ်းကို အသေးစိတ်တိကျရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အခုပြောပြမယ့် အကြောင်းအရာလို စိတ်ဝင်စားစရာတွေ အများကြီးရှိနေပါတယ်။

Rappaport ရဲ့ ပြောစကားအရဆိုရင် “ကျွန်တောကတော့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်း ရှင်းရှင်းလင်းလင်းသိစေချင်ပါတယ်။ ရုပ်ရှင်ထဲသုံးဖို့ ငွေစက္ကူပုံတူ ရိုက်တဲ့ ကုမ္ပဏီအများစုဟာ တရားမဝင်ငွေစက္ကူတုတွေကိုလည်း ရိုက်ထုတ်နေကြတာတွေ ရှိပါတယ်။ ဒီလိုလုပ်တာဟာ ဥပဒေနဲ့ မလွတ်ကင်းတဲ့အတွက် ပြစ်မှုမြောက်ထောင်ကျနိုင်ပါတယ်” လို့ သတိပေးခဲ့ပါတယ်။

အစစ်နဲ့ တော်တော်တူတဲ့ အတုတွေကို ထုတ်လုပ်ပါတယ်

ငွေစက္ကူအတုထုတ်လုပ်တဲ့သူတွေဟာ ဖက်ဒရယ်ဥပဒေအရ ရိုက်မယ့် စာရွက်ရဲ့ တစ်ဖက်တည်းကိုသာ ရိုက်နှိပ်ရမှာ ဖြစ်ပြီး မူရင်းငွေစက္ကူထက် ပိုကြီးတဲ့ အရွယ်အစားဖြစ်ဖြစ်၊ ပိုသေးတဲ့ အရွယ်အစားဖြစ်ဖြစ် ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီတိုင်းက ဒီစည်းကမ်းကို တိတိကျကျမလိုက်နာတဲ့အတွက် ရုပ်ရှင်သုံးငွေကြေးတွေဟာ ငွေတုလုပ်သုံးတဲ့ဘက်ကို ရောက်သွားတတ်ပါတယ်။

၂၀၀၁ ခုနှစ်တုန်းက Las Vegas မှာ “Rush Hour 2” ရိုက်ကူးတုန်းကဆိုရင် အတုပြုလုပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံလောက် လေထဲ လွင့်ပျံတဲ့ အခန်းပါဝင်ခဲ့ပြီး တချို့ငွေစက္ကူတွေဟာ ရိုက်ကူးပြီး ပြန်လည်ဖျက်စီးရာမှာ မပါဝင်ခဲ့ဘဲ ပျောက်ဆုံးခဲ့ပါတယ်။ ဒါကြောင့် Secret Service ကတောင် ဒီကိစ္စမှာ ပါဝင်လာခဲ့ပြီး ရုပ်ရှင်သုံးငွေစက္ကူအတုထုတ်လုပ်တဲ့သူတွေအတွက်လည်း သာဓကတစ်ခု ဖြစ်ခဲ့ပါတယ်။

RJ ကတော့ ငွေစက္ကူအတုကို နှစ်မျိုးနှစ်စားထုတ်လုပ်ပါတယ်။ တစ်မျိုးက အနီးကပ်ရိုက်ချက်တွေအတွက် ဖြစ်ပြီး တစ်မျိုးကတော့ ၁၅ လက်မအကွာလောက်ကနေကြည့်ရင် အစစ်လို့ ထင်ရတဲ့ ဟာတွေ ဖြစ်ပါတယ်။ သူကတော့ ဒီနှစ်မျိုးကို High-Grade နဲ့ Standard Grade လို့ ခေါ်ပါတယ်။

“ကျွန်တော်တို့ရဲ့ Standard Grade ငွေကြေးတွေမှာ မျက်နှာပြင်နှစ်ဖက်စလုံးကို ပုံနှိပ်ရိုက်နှိပ်ထားပေမယ့် အမြင်ဆိုင်ရာ လှည့်စားမှုတစ်ခု ထည့်သွင်းတည်ဆောက်ထားပါတယ်။ လက်တစ်ကမ်းအကွာကနေ ဒီငွေစက္ကူတွေကို ကြည့်ရင် အစစ်နဲ့ တူညီပေမယ့် အနီးကပ် ကြည့်လိုက်တာနဲ့ အတုမှန်းသိသာစေပါတယ်။ ဒီလို ငွေစက္ကူမျိုးကို စတိုးဆိုင်မှာ ငွေချေတဲ့ ဇာတ်ဝင်ခန်းလို နေရာမျိုးမှာ သုံးစွဲပါတယ်။

နောက်ထပ် High Grade အမျိုးအစားတစ်ခုကတော့ အနီးကပ်ရိုက်ချက်တွေ နေရာမှာ သုံးတဲ့ အမျိုးအစားဖြစ်ပြီး ပိုက်ဆံရေတွက်တဲ့အခန်းတွေ ဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကို လှမ်းပေးလိုက်တဲ့အခန်းတွေ မှာ ဖြစ်ဖြစ် သုံးပါတယ်။ ဒီငွေစက္ကူတွေကို အစစ်နဲ့ အရမ်းတူအောင် ထုတ်လုပ်ထားပြီး မျက်နှာပြင်တစ်ဖက်တည်းကိုသာ ရိုက်နှိပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

ဖက်ဒရယ်ဥပဒေတွေကို လိုက်နာဖို့အတွက် ငွေစက္ကူပုံတူထုတ်လုပ်ရမှာ မူလငွေစက္ကူဒီဇိုင်းကို ပြုပြင်ပြောင်းလဲတာမျိုးကို လက်မခံပါဘူး။ ဒါကြောင့် RJR Props ဟာ သူတို့ရဲ့ ကိုယ်ပိုင်ဒီဇိုင်းကို ဖန်တီးရပါတယ်။ “ကျွန်တော်တို့မှာဆိုရင် အကောင်းစား စက္ကူအမျိုးအစားတွေ သုံးပါတယ်။ တချို့ စက္ကူတွေဆိုရင် နည်းနည်းလေး လှုပ်လိုက်တာနဲ့ ပန်းရောင်ကနေ အဝါ- အဝါကနေ ပန်းရောင်ပြောင်းတာမျိုးရှိသလို တချို့စက္ကူတွေဆိုရင် အစိမ်းကနေ အဝါ၊ အဝါကနေ အစိမ်းပြန်ပြောင်းတာမျိုးလည်း ရှိပါတယ်။ ဒီလိုမျိုးစက္ကူတွေသုံးပြီးရိုက်တာ ကျွန်တော်တို့ ကုမ္ပဏီပဲ ရှိပြီး ဘာဖြစ်လို့လဲဆိုတော့ ဈေးအရမ်းကြီးလို့ပါပဲ” လို့ ခပ်ကြွားကြွားပြောခဲ့ပါသေးတယ်။

ဘာတွေ ကွာခြားလဲ

တကယ်လည်း ရုတ်တရက်ကြည့်လိုက်ရင် High-grade ငွေစက္ကူတွေဟာ အစစ်အလားအထင်မှားရပါတယ်။ ဒါပေမယ့် Zoom ဆွဲကြည့်မယ်ဆိုရင် အတုမှန်းသိသာမှာ ဖြစ်ပါတယ်။ ဘယ်လို ကွာခြားချက်တွေရှိသလဲဆိုရင် ဘယ်ဘက်အပေါ်ထောင့်က ၁၀၀ ဂဏန်းရဲ့ အောက် United States Federal Reserve ဆိုတဲ့နေရာမှာ Unreal Fake Currency Reserve ဆိုပြီး ရိုက်နှိပ်ထားပါတယ်။ Franklin ရဲ့ မျက်နှာအောက်မှာ သူ့နာမည်ကို ရေးထိုးထားတာလည်း မရှိပါဘူး။ ပြီးတော့ Seal ကလည်း မတူညီတဲ့ ဒီဇိုင်းဖြစ်ပြီး ဒေါ်လာပေါ်က လက်မှတ်တွေကလည်း “Ima Not Real” နဲ့ “Not Real Currency” ဆိုတဲ့ စာသားတွေကို ထိုးထားတာ ဖြစ်ပါတယ်။

Treasurer of the United States ဆိုတဲ့နေရာမှာ Treasurer of the Treasurer ဆိုပြီး ထိုးထားသလို Secretary of the Treasury ဆိုတဲ့ နေရာမှာ Secretary of the Secretary ဆိုတဲ့ စာတန်းပြောင်းထိုးထားပါတယ်။ နောက်ဆုံး United State ဆိုတဲ့နေရာမှာ U အစား W နဲ့ ရေးထားတာ ဖြစ်ပါတယ်။

ဒီငွေစက္ကူပုံတူတွေက ဘယ်ဈေးပေါက်ပါသလဲ

RJR ကတော့ ငွေစက္ကူပုံတူ အရွက် ၁၀၀ အထုပ်ကို Standard Grade ဆိုရင် ၄၅ ဒေါ်လာကျသင့်မှာ ဖြစ်ပြီး High Grade ဆိုရင်တော့ ၆၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ အသစ်ကျပ်ချွတ်မဟုတ်ဘဲ ဟောင်းနွမ်းနေတဲ့ ပုံမျိုး လုပ်ရမယ်ဆိုရင်တော့ ဒေါ်လာ ၂၀ ထပ်မံကျသင့်မှာ ဖြစ်ပါတယ်။

ဒီလို ငွေစက္ကူအတုကိုမှ အဟောင်းပုံစံလုပ်တာ ခက်ခဲတဲ့အကြောင်းကို “ ဒီလိုလုပ်ရတာဟာ လူတွေ ထင်ထားတာထက် ပိုပြီး ခက်ခဲပါတယ်။ လက်ချည်းသက်သက်လုပ်ကိုင်ရတာ ဖြစ်ပြီး ငွေစက္ကူတွေဟာ တွန့်လိပ်နေမယ်၊ ခေါက်နေမယ်၊ အစွန်းတွေ ရှိနေမယ်၊ ပြီးတော့ စီးကရက်မီးပေါက်ရာတွေ ရှိနေတဲ့ ပုံစံမျိုးတွေ လုပ်လို့ ရပါတယ်။ တကယ်သုံးနေတဲ့ ငွေစက္ကူတွေမှာ မြင်ရတဲ့ အရာတိုင်းကို ပြုလုပ်နိုင်ပါတယ်။ ဒီလို လုပ်ရဖို့ စားပွဲဝိုင်းတစ်ခုမှာ လူပေါင်း ၁၅ ဦး ၊ ၂၀ ဦးလောက် ဝိုင်းလုပ်ရတာ ဖြစ်ပါတယ်။

RJR ရဲ့ အကြီးဆုံး ဝန်ဆောင်မှုပေးခဲ့ရတဲ့ လုပ်ငန်းဆိုရင် Netflix ရဲ့ Ozark စီးရီးစ်ဖြစ်ပြီး ဒီဇာတ်ကားမှာ Jason Bateman က သရုပ်ဆောင်ထားပါတယ်။ ဇာတ်ဝင်ခန်းထဲမှာ ငွေစက္ကူအမြောက်အများကို သူ့အိမ်ရဲ့ နံရံတွေမှာနဲ့တခြားနေရာတွေမှာ စီထပ်ထားတာကို တွေ့ရမှာပါ။

RJR အခြေစိုက်တဲ့ အတ္တလန်တာ နယ်မြေဟာဆိုရင် ရုပ်ရှင်ထုတ်လုပ်ရေးမြို့တော် ဖြစ်လာပြီး အခွန်ငွေတွေ ရရှိနေသလို Hollywood of the South လို့တောင် နာမည်တွင်ခဲ့ပါတယ်။ ဒီလို ခေတ်ကောင်းလာတဲ့ အခြေအနေနဲ့ လိုက်ပြီး RJR ဟာလည်း တခြား ဇာတ်ဝင်ပစ္စည်း ၃၀၀၀၀ လောက်ကိုလည်း ထုတ်လုပ်နေပါတယ်။ ဒီအထဲမှာ ကိုကိန်းအတု၊ ဆေးဝါးပုံစံတူတွေအထိ ပါဝင်ပါတယ်။

ဒါတင်မဟုတ်ဘဲ “ကျွန်တော်တို့မှာ ဆေးရုံဆက်တင်ပုံစံ Operation Room လည်း ရှိပါတယ်။ နောက်ဆုံးပေါ်ဆာဗာတွေရှိတဲ့ Computer Lab တစ်ခုလုံးလည်း ရှိပါတယ်။ လေဆိပ်အသုံးအဆောင်တွေ ဖြစ်တဲ့ Metal Detectors နဲ့ Baggage Scanner တွေလည်း ရှိပြီး အားလုံးဟာ ကောင်းကောင်းအလုပ်လုပ်ပါတယ်။ လေယာဉ်တွေလည်း ၅ စီးကနေ ၆ စီးအထိ ရှိပြီး တချို့တွေက အစစ်ဖြစ်ကာ အတွင်းဘက်ကနေရော၊ အပြင်ဘက်တွေမှာပါ ရိုက်ကူးလို့ ရပါတယ်။” လို့ RJ က ပြောပြခဲ့ပါတယ်။

ရုပ်ရှင်အပြင် RJ တို့ရဲ့ အကြီးဆုံးဝန်ဆောင်မှုပေးတဲ့နေရာကတော့ Music Video တွေဖြစ်ပြီး ငွေစက္ကူတုတွေကို တွင်တွင်ကျယ်ကျယ်သုံးတဲ့နေရာလည်း ဖြစ်ပါတယ်။ သူတို့ဆီကနေ ငွေစက္ကူအတုတွေ ငှားပြီးသုံးတဲ့ Music Video တွေက တစ်ပတ်ကို အခုနှစ်ဆယ်လောက်ကို ရှိနေပါတယ်။ ဇာတ်ဝင်အသုံးအဆောင်ပစ္စည်းအများစုကို ငှားရမ်းပေးတာ ဖြစ်ပြီး ငွေစက္ကူတွေကတော့ အပိုင်ဝယ်သုံးရတာ ဖြစ်ပါတယ်။ တချို့ဆို ဒီလို ငွေစက္ကူတုတွေဝယ်ပြီး Instagram မှာတောင် ကြွားကြပါသေးတယ်။

ဒါဆိုရင် ရှိရှိသမျှ Music Video တွေမှာ ငွေကြေးအတုတွေ သုံးတာလားဆိုရင်တော့ မဟုတ်ဘဲ တချို့အနုပညာရှင်တွေကတော့ တကယ့်ငွေကြေးအစစ်ကို သုံးကြတာ ဖြစ်ပါတယ်။ ဘယ်သူတွေက ငွေကြေးအစစ်ကို သုံးတယ်၊ ဘယ်သူတွေက ငွေကြေးအတုတွေကို သုံးတယ်ဆိုတာတော့ လုံခြုံရေးအရ ပြောပြလို့ မရဘူးလို့ ဆိုပါတယ်။

ကဲ! သူတို့ဆီက ရိုက်ကွင်းတွေမှာ ငွေစက္ကူတွေ လွှဲပြောင်းတဲ့အခန်း၊ ပလူပျံနေတဲ့အခန်းအတွက် ဘယ်လိုမျိုး သေချာပြင်ဆင်ပြီး ရိုက်ကူးကြတယ်ဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာ့ရုပ်ရှင်လည်း ဒီလို ထုတ်လုပ်ရိုက်ကူးခွင့်တွေ သိပ်မကြာတဲ့ အချိန်ကာလအတွင်းမှာ ရပါစေလို့ ဆန္ဒပြုပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : cnn.com