မာလာရှမ်းကောဆိုတာနဲ့ ခေါင်းထောင်လာတဲ့သူတွေ၊ သွားရေကျလာတဲ့သူတွေ၊ မျက်လုံးထဲ မာလာရှမ်းကောပန်းကန်ကြီးပါမြင်ပြီး အထုံအစပ်အမွှေးနံ့သာပေါင်းစုံ လျှာဖျားပါးစပ်ဖျားထဲထိရောက်လာတဲ့သူတွေ ရှိကြမှာ ဒုနဲ့ဒေးပါပဲနော်။

ဒီ ၂၀၁၇ နှစ်ကုန်ပိုင်းမှ အစားအသောက်လောကထဲ တဟုန်ထိုးခေတ်စားလာတဲ့ မာလာရှမ်းကောဆိုတဲ့ အစားအစာက စားမိတဲ့သူကိုပါ ထပ်မစားရမနေနိုင်အောင် စွဲလမ်းစေတဲ့ စွဲလမ်းမှုမျိုးဖန်တီးပေးပါသတဲ့။ အဲ့လောက် စွဲစေတဲ့ မာလာရှမ်းကော ဘယ်လိုဖြစ်လာပြီး ဘယ်ဒေသတွေကနေ ဘယ်လိုနာမည်နာမည်ကြီးလာတာလဲဆိုရရင်တော့…

မာလာရှမ်းကောကဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတည်းက ပေါ်ပေါက်ခဲ့တဲ့အစားအစာမျိုးမဟုတ်ဘဲ ဒီဘက်နှစ်တွေမှ တရုတ်ပြည်မကြီးကစပြီး ခေတ်စားခဲ့တဲ့အစားအစာတမျိုးပါတဲ့။ မာလာရှမ်းကောရဲ့ အဓိပ္ပာယ်အစစ်က မာလာအနှစ်နဲ့ ၂ခါပြန်အိုးကင်းပူကြော်ထားတဲ့ စီချွမ်ဟော့ပေါ့ပါတဲ့။

မာလာရှမ်းကောတစ်ပွဲဖြစ်ဖို့ အရေးအကြီးဆုံးအသက်က မာလာအနှစ်ဖြစ်ပြီး ဟွားကျောင်းလို့ခေါ်တဲ့ အထုံစေ့တွေကြိတ်၊ အမဲဆီကနေ အဓိကလုပ်တဲ့ မာလာအမွှေးအကြိုင်၊ငရုတ်နှစ်တွေနဲ့ ရောစပ်ဖော်ထားရတဲ့ အမွှေးနံ့သာအနှစ်ပါ။

အဲ့ဒီအနှစ်ကို စပ်ထားပြီးမှ ရေစိမ်ခေါက်ဆွဲတွေ၊ မှိုတွေ၊ အသီးအရွက်တွေ၊ ကြွက်နားရွက်၊ အသားတွေနဲ့ ခေါက်ဆွဲရောမွှေပြီး အရသာရှိရှိစားကြတာပါတဲ့။

မာလာရှမ်းကောရဲ့ အစကတော့ ချုံချင့် Chongqing ပြည်နယ်ကနေ ပေါ်ထွက်လာတာဖြစ်ပြီး နောက်ပိုင်းမှာ စီချွမ် ပြည်နဲ့ ချုံချင့်ပြည်နယ် ၂ခုလုံးအနှံ့ နာမည်ကြီးလာတာပါ။ အဲ့ကနေစပြီး တရုတ်ပြည်မကြီးရဲ့ မာလာရှမ်းကောကို အိမ်တိုင်းက ဟင်းလျာတစ်မျိုးအဖြစ်အဆာပြေချက်စားကြရုံမက Fine Dining အစားအစာအဖြစ်ပါ ဟိုးလေးတကြော် နာမည်ကြီးခဲ့ပါတယ်။

အဓိက အရသာဖြစ်တဲ့ အထုံနဲ့ငရုတ်ခြောက်အစပ်ရယ် အနံ့ဖြစ်တဲ့ မာလာအနှစ်ရဲ့ ဆွဲဆောင်မှုကြောင့် မာလာရှမ်းကောရဲ့ ညို့ဓါတ်က ရုန်းမထွက်နိုင်သူတွေထဲ ခုဆို ရန်ကုန်တစ်မြို့လုံးထိကို အရှိန်အဟုန်ပြင်းပြင်း နာမည်ကြီးလာခဲ့တာကိုတော့ ဘယ်သွားသွားလက်ညိုးထိုးမလွဲတဲ့ မာလာရှမ်းကောဆိုင်တွေကို ကြည့်ရုံနဲ့တင် သိသာနေပါပြီ။

မာလာရှမ်းကောရဲ့ လွှမ်းမိုးမှုကရော နောင်ဘယ်နှခုနှစ်ထိ လွှမ်းမိုးနိုင်ဦးမှာလဲဆိုတဲ့အစားအသောက် ရေစီးကြောင်းကတော့ အစားအသောက် Trend အသစ်အသစ်တွေကို ထပ်မံစောင့်ကြည့်ရမယ့်ပုံပါပဲ။