၁ဝရက်သား YBS ဘာလဲ၊ ဘယ်လဲ။

၁၆ရက်နေ့က စတင်ခဲ့တဲ့ YBS (Yangon Bus Service) ဟာ ခုဆိုရင် ၁၀ရက်သား သက်တမ်းရှိလာခဲ့ပါပြီ။ ဒီ ၁၀ရက် အတွင်း YBS ရဲ့ ဒုက္ခသုက္ခ အစုံစုံ နဲ့ ခရီးသွားပြည်သူတွေရဲ့ တုံ့ပြန်သံအမျိုးမျိုးကို Facebook ကနေ မွှေနှောက်ရှာဖွေပြီး YBS အတွက် ကောင်းစေလိုတဲ့ စေတနာနဲ့ အခရာက အခုလို စုစည်းတင်ဆက်လိုက်ပါတယ်။

 

  • ကားတွေ အစောကြီးသိမ်းခြင်း၊ ခရီးစဉ်အစဆုံးမပြေးဆွဲခြင်း။

ည ၁၀နာရီထိ ဆွဲရမယ်ပြောထားပေမယ့် မြို့ပြင်ကားလိုင်းတွေမှာ ည ၇နာရီလောက်ဆိုရင်တောင် ကားတွေ ကျဲသွားပါပြီ။ အနည်းဆုံး ၄ခေါက်၊ ပိုဆွဲရင် လုပ်အားခပိုရမယ်ဆိုပေမယ့် ထပ်မဆွဲကြတော့ပါဘူးတဲ့။ အရမ်းဝေးတဲ့ နေရာတွေ ဆိုရင်လည်း ဂိတ်ဆုံးထိ မဆွဲဘဲ လှည့်ပြန်ပြန်နေကြတော့ မြို့ပြင်ဘက်မှာနေတဲ့သူ၊ OT ဆင်းရတဲ့ သူတွေ၊ Shopping Center တွေမှာ အလုပ်လုပ်တဲ့ သူတွေ အထူးသဖြင့် မိန်းကလေးတွေ အရမ်း ဒုက္ခရောက်နေပါတယ်။

  • ကားအစီးရေနည်းပြီး ကားကျပ်လွန်းခြင်း။

ကားကျပ်တာတော့ ရှယ်ပဲဗျာ၊ အရင်မထသတုန်းကလည်း ကားကျပ်ပါတယ်၊ ဒါပေမယ့် အသက်ရှုလို့ ရသေးတယ်။ ခုတော့ ကျောနဲ့ ရင်နဲ့ ပြားကပ်ပြီး မိန်းကလေးတွေဆို နှိပ်စိကြယ်သီးအကျီတွေတောင် မဝတ်ရဲဘူးတဲ့ဗျ၊ ကားပေါ်က ဆင်းတာနဲ့ အကုန်ပြုတ်။ မိန်းမတွေလည်း တွယ်စီးရတာပဲ။ ရုံးတက်ရုံးဆင်းချိန်တွေဆို ကားကျပ်လွန်းလို့ မတိုးနိုင်တော့ဘဲ Taxi ငှားစီးရတာနဲ့ အရင် ၂၀၀ ကနေ အခု ၃၀၀ဝ လောက် ကုန်ကျတဲ့ နေ့တွေ ရှိလာတယ်။ တစ်ချို့ မိန်းကလေးတွေဆို မတိုးနိုင်တော့လို့ ကားမှတ်တိုင်မှာ ချုံးပွဲချငိုတယ်လို့တောင် ကြားရတယ်။ မြို့တော်ခန်းမရှေ့က လူပုံကြီးကိုလည်း အခုထိ မဖြေရှင်းနိုင်သေးပါဘူး။

  • အခမဲ့ယာဉ်တွေပေါ်ပေါက်လာခြင်း။

မြန်မာလူမျိုးပဲဗျာ၊ ကူညီတဲ့ နေရာမှာတော့ လက်မနှေးပါဘူး။ ကိုယ့်ကားကို စိုက်၊ ကိုယ့်ဆီကို စိုက်ပြီး ဆုံရပ်မှတ်တိုင်တွေကို လိုက်ပို့ပေးနေတဲ့ အခမဲ့ကားတွေ ပေါ်လာပါတယ်။ တစ်ဦးချင်းက ကူညီတာရှိသလို CB ဘဏ်၊ AYA ဘဏ်၊ ရန်ကုန်ယူနိုက်တက်အသင်းကားတွေရော၊ နာရေးကူညီမှုအသင်းက ကားတွေရော၊ နောက်ဆုံး ကုန်ကုန်ပြောရရင် ရဲကားတွေပါ မနေရပါဘူး။ အကုန်ကူညီကြတာပါ။။

  • ဘတ်စ်ကားလမ်းညွှန် Volunteer တွေ ပေါ်လာခြင်း။

YBS စတင်တည်းက Volunteer တွေ စခေါ်ပြီး ဘယ်လို စီးရမလဲ၊ ဘာကားစီးရမလဲကို ပြောပြဖို့ ခေါ်ထားတာပါ။ အခုနောက်ပိုင်းတော့ Celebrity တွေ၊ မင်းသားတွေ၊ မင်းသမီးတွေကပါ လမ်းပေါ်ထွက်ပြီး ဝိုင်းကူလာကြတယ်ဗျ။ လုပ်အားပေးကူတဲ့သူတွေ အတွက်လည်း မုန့်တွေ ဘာတွေ ကျွေးမယ့်သူတွေ ပေါ်လာကြတယ်။

  • ဘတ်စ်ကားလမ်းညွှန် App တွေထွက်ပေါ်လာခြင်း။

မြန်မာ App Developer တွေလည်း မနေရပါဘူး။YBS အတွက် တစ်တပ်တအား ကူညီတဲ့ အနေနဲ့ Yangon Bus ၊ Yangon Bus Guide ၊ Yangon Buses ၊ YGN Bus Guide ၊ Bite Pu အစရှိတဲ့ App တွေ ထွက်လာခဲ့ပြီး Bite Pu ကတော့ သုံးလို့ ကောင်းတယ်လို့ ပြောကြပါတယ်။

 

You May Also Like :”၁၆ရက်နေ့အတွက်အလွယ်ကူဆုံး ဘတ်(စ်)ကားလမ်းညွှန်

 

  • ယာဉ်မောင်းတွေ၊ ကားစပယ်ရာတွေ စကားအပြောအဆိုအဆင်ပြေလာကြခြင်း။

ဒါကတော့ ကိုယ်တွေ့ပါ ခင်ဗျာ။ YBS ကားတော်တော်များများက ယာဉ်မောင်းတွေ၊ စပယ်ရာတွေ အတော်များများ စကားပြောချိုသာလာပါတယ်။ အရင်လို ခရီးသွားတွေကို စကားပြော ရင့်တာတို့၊ ဆဲဆိုရိုင်းပြတာတို့ သိပ်မတွေ့ရတော့ဘူး။

 

  • YBS နဲ့ ပက်သက်လို့ စိတ်ဝင်စားစရာ အချက်အလက်များ

Yangon Bus Report ဆိုတဲ့ YBS ဘတ်စ်ကားတွေကို တိုင်ကြားလို့ရတဲ့ App ရဲ့ ဒေတာ အရဆို ဇန်နဝါရီ ၁၇ ရက်နေ့ကနေ ၂၅ရက်နေ့အထိ YBS ကို တိုင်ကြားချက် ၃၃၂ ခုရှိနေပြီး အရှိန်မြှင့်မောင်းနှင်ခြင်းအမှုနဲ့ အတိုင်ခံရဆုံးပါပဲ။ ဒုတိယနဲ့ တတိယလိုက်တဲ့ အမှုတွေကတော့ ခရီးစဉ်အစအဆုံးမပြေးဆွဲခြင်းနဲ့ ယာဉ်စည်းကမ်းဖောက်ဖျက်ခြင်းပါတဲ့။  မြောက်ပိုင်းခရိုင်အခြေပြုလိုင်းနဲ့ အရှေ့ပိုင်းခရိုင်အခြေပြုလိုင်းတွေကတော့ အတိုင်ခံရဆုံးပါတဲ့။ The Voice ရဲ့ သတင်းအရ ရန်ကုန်မြို့မှာ ခရီးသည်တင်ယာဉ်စီးနင်းသူ တစ်ရက်လျှင် ၂.၈ သန်းရှိပြီး YBS ပြေးဆွဲမှုမစခင် အချိန်က ယာဉ် ၄၆၀၀ ခန့် ထွက်ရှိခဲ့သော်လည်း YBS စတင်တဲ့ ဇန်နဝါရီ ၁၆မှ ၂၃ရက်အထိ YBS ယာဉ် ၃၀၀၀ ကျော်သာ ပြေးဆွဲနိုင်သေးတယ်လို့ သိရပါတယ်။

 

  • ပြည်သူတွေရဲ့ အသံတွေ

အတော်များများကတော့ “ကားကြပ်လှချည်ရဲ့”လို့ အော်ကြပါတယ်။ “ညဘက်ကားတွေ အစောကြီးသိမ်းသွားကြတယ်”လို့ ညည်းတဲ့ သူက ညည်း၊ “ရုံးတက် ရုံးဆင်းချိန်တွေအတွက် ဒီပုံအတိုင်းဆက်သွားလို့ မရဘူး၊ ကားတိုးပေးဖို့ အမြန်လိုအပ်နေပါပြီ”ဆိုတာက အကြားရဆုံးပါပဲ။

 

ဒီတော့ ၁၀ရက်သား YBS လေး ဒီလို အခက်အခဲတွေ အမြန်ပျောက်ကွယ်ပြီး ပိုမို အဆင်ပြေပါလာစေလို့ အခရာက ဆန္ဒပြုပါတယ် ခင်ဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com

Photo Credit : ရန်ကုန်ဘတ်စ်ဆားဗစ်-YBS