လေယာဉ်နဲ့ခဏခဏခရီးသွားနေရသူတွေပဲဖြစ်ဖြစ် တစ်ခါတစ်ရံလေယာဉ်စီးဖို့ အကြောင်းဖန်လာရင်ပဲဖြစ်ဖြစ် လေယာဉ်ပေါ်မှာဘာတွေ စားသောက်မလဲဆိုတာက အရေးကြီးပါတယ်။ ကိုယ်စီးတဲ့ လေယာဉ်နဲ့ Class ပေါ်မူတည်ပြီး အစားအသောက်တွေကွာခြားနိုင်တယ်ဆိုပေမယ့် အခြေခံအားဖြင့် စားသင့်တဲ့ အစားအသောက်တွေနဲ့ ရှောင်သင့်တာတွေကို စူးစမ်းကြည့်မယ်ဆိုရင်…

အရည်များများသောက်

လေယာဉ်စီးနေရချိန်မှာ ခန္ဓာကိုယ်ကအစိုဓာတ်လျှော့နည်းပြီး ခြောက်သွေ့နေတာမို့ တတ်နိုင်သမျှ အရည်တွေသောက်ဖြစ်ဖို့လိုပါတယ်။ ရေကို ဦးစားပေးသောက်ရမှာဖြစ်ပြီး ကော်ဖီနဲ့အအေးတွေလည်း သောက်နိုင်ပါတယ်။ ဒါပေမဲ့ အယ်လ်ကိုဟောကိုတော့ရှောင်ရမှာပါ။ အနည်းဆုံး နှစ်နာရီခြားတစ်ခါတော့ အရည်တစ်မျိုးမျိုးသောက်ပေးသင့်ပါတယ်။

စားသင့်တဲ့အစာများ

သူတို့က ပေါင်မုန့်တွေ Sandwich တွေကျွေးမွေးတယ်ဆိုရင် အသီးအရွက် အသီးအနှံများများထည့်ခိုင်းပါ။ ဆလတ်ရွက် ၊ ထောပတ်သီး ၊ ခရမ်းချဉ်သီး တို့ထည့်နိုင်သလို မယွန်းနိစ်အစား သံလွင်ဆီ ၊ ဗီနီကာတို့ စားပေးနိုင်ပါတယ်။

ပြီးတော့ အစေ့အဆန်များများပါတဲ့ မုန့်မျိုးတွေ၊ Cracker တွေ၊ အသီးအနှံခြောက်လေးတွေ၊ ပြောင်းဖူးပေါက်ပေါက်၊ သကြားလုံးတွေ စားသင့်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်များတဲ့ ဟင်းလျာတွေကိုလည်းစားပေးနိုင်ပါတယ်။ နောက်ထပ်စားလို့အဆင်ပြေတာတွေက ငှက်ပျောသီးနဲ့ ဒိန်ချဉ်ပါပဲ။

ဂျင်းရေနွေးနဲ့ Green Tea တို့ကိုလည်းသောက်ပေးနိုင်ပါတယ်။

ရှောင်သင့်သောအရာများ

ရှောင်သင့်တာတွေကတော့ ပဲလိုမျိုးဗိုက်ပွစေမယ့်အရာတွေ ၊ ရေခဲမုန့်၊ ပါစတာနဲ့ ကြက်သား ၊ အာလူးကြော်၊ ဘာဂါ စတာတွေရှောင်သင့်ပါတယ်။ ဂက်စ်များလွန်းတဲ့အအေးတွေ၊ ယမကာတွေကိုတော့ လုံးဝရှောင်ရပါမယ်။

Photo Credit#itisinsider

ဂျူဂျူး(အခရာ)

www.akhayar.com