“ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး” ဆိုတဲ့စကားပုံနဲ့အညီ ဒီနေ့ခေတ်လူငယ်တွေဟာ နောင်တစ်ချိန်မှာ အနာဂတ်ကို ခေါင်းဆောင်မယ့်လူကြီးတွေ ဖြစ်ကြပါတယ်။ ပွင့်လင်းလာတဲ့ ဈေးကွက်၊ ဝင်ရောက်လာတဲ့ နိုင်ငံခြားကုမ္မဏီတွေကြားထဲမှာ လူငယ်တွေဟာ ကိုယ်ပိုင်အရည်အသွေးတွေကို အရင်မြှင့်တင်ထားမှသာ အဆင်ပြေမှာဖြစ်ပါတယ်။ စိန်ခေါ်မှုအပြည့်နဲ့ တိုးတက်နေတဲ့ လက်ရှိအခြေအနေမှာ လူငယ်တွေ ဘာလုပ်သင့်တာလဲဆိုတာ Akhayar ကနေ ဖော်ပြလိုက်ပါတယ်။

၁။ ကွန်ပျူတာ သင်ထားပါ။

ဆယ်တန်းပြီးတာနဲ့ ကွန်ပျူတာသင်တန်းတက်ထားတာ အကောင်းဆုံးပါပဲ။ ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်လေ အလုပ်ရဖို့ အခွင့်အလမ်းပိုကောင်းလေ ဖြစ်ပါတယ်။ ကျွမ်းကျင်အဆင့်မရောက်ရင်တောင် Microsoft Office ကိုတော့ ကောင်းကောင်းသုံးတတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။

၂။ နိုင်ငံခြားဘာသာစကားကို သင်ထားပါ။

မြန်မာနိုင်ငံမှာတော့ ဥရောပကုမ္မဏီတွေ၊ ဂျပန်ကုမ္မဏီတွေ၊ တရုတ်ကုမ္မဏီတွေ တဟုန်ထိုးဝင်ရောက်လာတဲ့အတွက်  မိခင်ဘာသာစကားအပြင် တခြား အင်္ဂလိပ်၊ ဂျပန်၊ တရုတ် ဘာသာစကားတွေကို လေ့လာထားသင့်ပါတယ်။ ကိုယ့်မှာ အရည်အချင်းမရှိဘူးဆိုရင် ကုမ္မဏီကနေ ကိုယ့်ကို ရွေးချယ်မှာဖြစ်ပြီး  ကိုယ်တိုင်ကျွမ်းကျင်နေရင် လစာကောင်းမွန်တဲ့ ကုမ္မဏီတွေကို အလွယ်တကူရွေးချယ်နိုင်မှာဖြစ်ပါတယ်။

၃။ အလုပ်မှာ ဦးဆောင်စိတ်အပြည့်နဲ့ ကြိုးစားပါ။

ကိုယ့်ကို ထမင်းကျွေးထားတဲ့ အလုပ်ကို ဦးဆောင်စိတ်အပြည့်နဲ့ ကြိုးစားသင့်ပါတယ်။ အလုပ်ကြိုးစားမယ်ဆိုရင် နေရာကောင်းရမှာသေချာပါတယ်။ ကိုယ့်မှာလုပ်စရာ နှစ်ခုပဲရှိပါတယ်၊ “ခေါင်းဆောင်လုပ်ရင် လုပ်၊ မလုပ်ရင် နောက်လိုက်လုပ်ရမယ်” ။ အဲဒီတော့ ဦးဆောင်စိတ်နဲ့သာ ကြိုးစားပါလေ။

You May Like :  ပူစီလေးတွေကို ဒုက္ခပေးတတ်တဲ့ အစားအစာ

၎။ အပျော်အပါး ကိစ္စလျော့ပါ။

အပျော်အပါးဆိုတာ လူတိုင်းမက်မောကြပေမယ့် ကိုယ့်ဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အပျော်အပါးကိစ္စနဲ့ မကုန်ပါစေနဲ့။ တစ်နေ့တာ လုပ်ဆောင်ရမယ့် အချိန်ဇယားတွေကို မိမိကိုယ်တိုင် စီမံခန့်ခွဲရေးဆွဲပြီးတော့ လုပ်ဆောင်သင့်ပါတယ်။

၅။ ကိုယ်ပိုင်စီးပွားရေးလုပ်ပါ။

ညောင်ပင်ကြီးဆိုတာ ညောင်စေ့လေးကနေ စတင်ကြီးထွားလာတယ်ဆိုတာ သတိပြုမိပါသလား။ ဘဝမှာ တိုးတက်အောင်မြင်လိုရင်တော့ ဝန်ထမ်းဘဝမှာ ရပ်မနေဘဲနဲ့ ကိုယ်ပိုင်လုပ်ငန်းအသေးစားတစ်ခုကို တည်ထောင်သင့်ပါတယ်။  ဘယ်လိုပဲ သေးငယ်တဲ့အလုပ်ဖြစ်နေပါစေ အားမပျတ်ဘဲ တစ်နေ့ထက်တစ်နေ့ ကြိုးစားလိုက်ပါ။ ဒီနေ့ခေတ် ကမ္ဘာကျော်ကုမ္မဏီတွေဟာ လုပ်ငန်းစုသေးသေးလေးဘဝက စတင်ခဲ့တာကို သတိရစေချင်ပါတယ်။

၆။ ကျန်းမာရေး လိုက်စားပါ။

ဘယ်လောက်ပဲ ချမ်းသာနေပါစေ ကျန်းမာရေးမကောင်းရင် အဆင်ပြေမှာမဟုတ်ပါဘူး။ နေ့စဉ်လမ်းလျောက်တာတွေ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာတွေ၊ ရေကူးတာတွေကလည်း ငွေကုန်ကြေးကျမများဘဲနဲ့ ကျန်းမာရေးကောင်းမွန်စေတဲ့လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ တိုင်းပြည်အနာဂတ်တစ်ခုလုံး ဖွံ့ဖြိုးနေမယ်ဆိုရင် လူငယ်တွေ ကျန်းမာသန်စွမ်းနေဖို့ လိုပါတယ်။

ကဲ . . လူငယ်တွေ တိုးတက်အောင်မြင်စေဖို့ လုပ်ဆောင်သင့်တဲ့အချက်တွေကို Akhayar ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။ လူတွေရဲ့ဘဝမှာ တိုးတက်အောင်မြင်စေဖို့ အရေးအကြီးဆုံးအရာက ဘာဖြစ်မယ်ဆိုတာ Comment မှာ ရေးပေးခဲ့ပါလား။

ကျော်စိုးအောင် (အခရာ)

www.akhayar.com