မိုးတွင်းလည်းရောက်နေပြီဆိုတော့ ကျွန်မတွေးမိတာတစ်ခုကို ပြောပြချင်ပါတယ်။ ဒီကိစ္စကို ကျွန်မလူမှန်းသိတတ်စအရွယ် ဦးနှောက်ကကောင်းကောင်းမွန်မွန် တွေးတောတတ်တဲ့အချိန်ကတည်းက တွေးလာလိုက်တာပါ။ အဲဒါကခေါက်ထီးက ပိုကောင်းတာလား ၊ ချာလီထီးက ပိုကောင်းတာလားဆိုတာ။ ဒီနှစ်ခုက အမြဲကျွန်မကို ချာလပတ်ရမ်းစေတယ်။ အမြဲပဲ ထီးဝယ်မယ်လို့ စဉ်းစားတိုင်း တိုင်ပတ်တယ်။ ချာလီထီးဝယ်ရမလိုလို ခေါက်ထီးဝယ်ရမလိုလို မဟုတ်ရင်လည်း နှစ်မျိုးလုံးပဲဝယ်လိုက်ရမလိုလိုပေါ့။ ဘာလို့လဲဆိုတော့

ချာလီထီးက ဖွင့်ရပိတ်ရလွယ်တယ်ကွာ ၊ ခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့ ဟက်ချလောင်းဆို ပွင့်သွားရော။ ပြီးတော့ မိုးရွာတဲ့အချိန် ဘတ်စ်တို့ ၊ ကားတို့ပေါ်က ဆင်းတဲ့အခါ ချက်ချင်းအလွယ်တစ်ကူဖွင့်လို့ရလို့ သဘောကျတယ်။ မိုးမစိုတော့ဘူးလေ။ နောက်ထပ် ဥပမာပြောရရင် ကိုယ်ကထီးမလိုတော့ဘူးဆိုတဲ့အချိန်မှာ ကိုယ့်ချာလီထီးက မိုးရေစိုနေသေးတယ်ဆိုရင်တောင် တစ်နေရာရာမှာ လွယ်လင့်တကူ ချိတ်ထားလို့ရတယ်။ ဒါတင်မကသေးဘူး ချာလီထီးရဲ့နောက်ထပ်အသုံးဝင်တဲ့အချက်က လက်နက်အနေနဲ့ဆောင်ထားလို့ရတာပါ။ ကိုယ့်ကိုမတော်မတရားလုပ်တော့မယ့် လက္ခဏာတွေ့ရင် ထီးနဲ့ခြောက်လို့ရတယ် ၊ ရိုက်လို့ရတယ်။ ပြီးတော့ စိတ်မကြည်တဲ့ခွေးတွေလိုက်ကိုက်ရင်လည်း မောင်းလို့ရတယ်။ ဒါပေမယ့် ချာလီထီးရဲ့ ပြဿနာတစ်ခုက ထီးရှည်တာပဲ။ ကားစီးတဲ့အခါဆိုရင် ဘယ်လိုမှအဆင်မပြေဘူး။ ထီးကြီးတကားကားနဲ့ ဟိုစိုက်မိ ဒီစိုက်မိ။ ဟိုလူ့ထိုးမိဒီလူ့ထိုးမိ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုယ်ပြန်ထိုးမိနဲ့။ စိတ်ညစ်စရာပါ။ ပြီးတော့ ချာလီထီးကြီးကိုင်ပြီး လျှောက်သွားနေရင်လည်း နည်းနည်းရုပ်ပေါက်တယ်။ အဲဒီတစ်ချက်ကိုတော့ မကြိုက်ဘူး။

ခေါက်ထီးကျပြန်တော့ ဒီနေရာမှာသာသွားတယ်။ အပြင်သွားတဲ့အခါ မလိုအပ်သေးရင် အေးဆေးခေါက်ပြီးတော့ လွယ်အိတ်ထဲထည့်သိမ်းထားလို့ရတယ်။ မိုးတွင်းမှာ ပွဲတွေဘာတွေသွားတဲ့အခါဆိုရင် ချာလီထီးကြီးနဲ့က ဘယ်လိုမှအဆင်မပြေပါဘူး။ ခေါက်ထီးလေးအိတ်ထဲဆောင်သွားမှ အဆင်ပြေမှာပါ။ ဒါပေမယ့် ခေါက်ထီးမှာကလည်း အားနည်းချက်ကရှိပြန်ရော။ အဲဒါကဘာလဲဆိုတာ ထီးတစ်ခါဖွင့်ဖို့ကို အနှစ်တစ်သန်းလောက်စောင့်နေရတာ။ ထီးဖွင့်ဖို့ကို ခေါက်ထားတာဖြေတယ်။ တွန်းဖွင့်တယ်။ တစ်ခါတလေဖွင့်တာပုံမကျလို့ ထီးကရွဲ့စောင်းထွက်လာရင် ပြန်ဖွင့်ရသေးတယ်။ ဒီတော့မိုးတွင်းနဲ့ ခေါက်ထီးနဲ့က ဖူးစာသိပ်မဖက်နိုင်တော့ဘူးပေါ့။ ဘတ်စ်တို့ကားတို့ပေါ်က ဆင်းမယ်ဆိုရင် ဘိုးတော်ဘုရားလက်ထက်လောက်တည်းက ကိုယ့်ခေါက်ထီးကိုကြိုပြင်ထားမှ တော်ကာကျမယ်။ ဒါပေမယ့် ရန်ကုန်လို ဘတ်စ်ကို ငါးပိသိပ်ငါးချဉ်သိပ်စီးရတဲ့နေရာမှာ ခေါက်ထီးကိုထုတ်ဖို့ အခွင့်အရေးတောင်ရမှာ မဟုတ်ပါဘူး။ စိုသွားတဲ့အခါကျရင်လည်း ချာလီထီးတွေလို အလွယ်တစ်ကူချိတ်ထားလို့မရဘူး။ ဘယ်နားထောင်ထားရမလဲ လိုက်ရှာရတာမောတယ်။ တချို့ဆိုင်တွေမှာဆိုရင် ထီးထည့်ဖို့ပုံးလေးတွေပေးထားတယ်လေ။ အဲဒီပုံးတွေထဲ ကိုယ့်ခေါက်ထီးထည့်ကြည့် ပြန်ထုတ်ရတာမလွယ်လိုက်တဲ့ဖြစ်ခြင်း ၊ တစ်ခါတလေဆိုရင် ခေါက်ထီးကသေးတော့ အောက်ထဲကိုထိုးရောက်သွားတာ အစအနတောင်ရှာမတွေ့ဘူး။

ဒီတော့ခြုံပြီးပြောရရင် ခေါက်ထီးက အဖွင့်အပိတ်ခက်တယ် ၊ မိုးတွင်းမှာဘတ်စ် ၊ ကားတွေစီးရင်သုံးဖို့ အဆင်သိပ်မပြေဘူး။ ချာလီထီးကတော့ ဖွင့်ရပိတ်ရလွယ်တယ်။ ဘတ်စ်အတက်အဆင်းမှာ အရမ်းအဆင်ပြေပေမယ့် ဘတ်စ်ပေါ်မှာကျတော့ ဒုက္ခပေးနိုင်တယ်။ ဒီတော့ ဒီနှစ်ခုထဲမှာ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ။ ကျွန်မအတွက်ကတော့ ခေါက်ထီးကပိုအဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မကထီးတကားကား သယ်ရတာကိုမကြိုက်တဲ့သူမို့လို့ပါ။ ပရိသတ်ကြီးတို့ရော ဘယ်လိုထင်လဲ။

Piki (Akhayar)

www.akhayar.com