ဧပြီလ၂၅ရက်နေ့ဟာဆိုရင် ကမ္ဘာ့ငှက်ဖျားရောဂါနေ့ (World Malaria Day) ဖြစ်ပါတယ်။ ကမ္ဘာ့ငှက်ဖျားရောဂါနေ့ကို ၂ဝဝ၈ခုနှစ်ကတည်းက ကျင်းပလာခဲ့တာ အခုဆိုရင် ၉နှစ်တိုင်ခဲ့ပါပြီ။ ၂ဝ၁၅ခုနှစ်မှာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ နိုင်ငံပေါင်း ၉၁နိုင်ငံမှာ ငှက်ဖျားရောဂါပျံ့ပွားနေပြီး လူပေါင်း ၄၂၉ဝဝဝ နှစ်စဉ်သေဆုံးနေပါတယ်။ ငှက်ဖျားရောဂါနဲ့ပက်သက်ပြီးတော့ ဗဟုသုတဖြစ်ဖွယ်အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ အနောဖလီစ်ခြင် (Anopheles Mosquito)

ငှက်ဖျားရောဂါဟာ အများထင်ထားသလို စိမ့်ရေချိုးလို့၊ ငှက်ပျောသီးစားလို့၊ သင်္ဘောသီးစားလို့ ဖြစ်တာမဟုတ်ပါဘူး။ ရောဂါပိုး သယ်ဆောင်လာတဲ့ အနောဖလီစ်ခြင် အကိုက်ခံရတဲ့အခါ ငှက်ဖျားရောဂါဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။

၂။ ကမ္ဘာ့လူဦးရေတစ်ဝက်

ငှက်ဖျားရောဂါဟာ ကမ္ဘာ့လူဦးရေတစ်ဝက်မှာ အန္တရာယ်ရှိနေပါတယ်။ ငှက်ဖျားရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ၂မိနစ်ကြာတိုင်း လူတစ်ယောက်သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့ စစ်တမ်းအရ သိရပါတယ်။

You May Like : သမီးငယ် ဂါဝန်ဝယ်ဖို့အတွက် ၂နှစ်ကြာအောင် ငွေစုရတဲ့ သူဖုန်းစားဖခင်

၃။ ၅နှစ်အောက် ကလေးငယ်အများဆုံး

ငှက်ဖျားရောဂါဖြစ်ပွားမှုရဲ့ ၇ဝရာခိုင်နှုန်းဟာ ၅နှစ်အောက် ကလေးငယ်တွေပဲဖြစ်ပါတယ်။ ၂ဝ၁၅ခုနှစ်တစ်နှစ်တည်းမှာတင် အာဖရိကတိုက်ရှိ ၅နှစ်အောက်ကလေးငယ်ပေါင်း ၃ဝ၃ဝဝဝ ဟာ ငှက်ဖျားရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။

၎။ တိုက်ဖျက်နိုင်ပါပြီ

ငှက်ဖျားရောဂါတိုက်ဖျက်မှုတွေကြောင့် ၂ဝ၁ဝခုနှစ်မှာ တစ်ကမ္ဘာလုံးသေဆုံးမှု ၂၉ရာခိုင်နှုန်းအထိ လျော့ကျပြီး အသက်၅နှစ်အောက် ကလေးငယ်တွေအတွက် ၃၅ရာခိုင်နှုန်းအထိ လျော့ကျနေပါတယ်။

၅။ ငှက်ဖျားရောဂါကာကွယ်မှု

ငှက်ဖျားရောဂါကာကွယ်ဖို့ဆိုရင် ဆေးစိမ်ခြင်ထောင်ကို အသုံးပြုရုံမက ညအိပ်ပြီဆိုရင်လည်း လုံလုံခြုံခြုံဝတ်ဆင်သင့်ပါတယ်။ ခြုံပုတ်များကိုလည်း ခြင်မခိုနိုင်အောင် ခုတ်ထွင်ရှင်းလင်းပြီး ရေစီးရေလာကောင်းမွန်ဖို့အတွက် ရေမြောင်းတွေကိုလည်း ပြုပြင်သင့်ပါတယ်။

ကဲ . . . မယုံမရှိကြနဲ့နော်။ လူတွေကို သေဆုံးမှုအများဆုံးပြုလုပ်တဲ့ တိရိစ္ဆာန်ကတော့ ခြင်ပါပဲ။ အကောင်သေးပေမယ့် အန္တရာယ်ကြီးမားတဲ့ခြင်သတ္တဝါကို သတိထားရှောင်ကြဉ်ကြပါစို့လားခင်ဗျာ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com