မြန်မာနိုင်ငံရဲ့ အွန်လိုင်းဈေးဝယ်စင်တာကြီး Shop.com.mm အကြောင်း

မြန်မာနိုင်ငံရဲ့ Facebook သုံးစွဲမှုမြင့်တက်လာခြင်းနှင့်အတူ အွန်လိုင်းရှော့ပင်းဆိုတာကလည်း ခေတ်စားလာသည်။ တစ်ယောက်တည်းတစ်ပိုင်တစ်နိုင်လုပ်ကြတာမျိုးရှိသလို သူငယ်ချင်းတွေစုပြီး အဖွဲ့လိုက်လုပ်ကြတာမျိုးလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏အွန်လိုင်းရှော့ပင်းအများစုမှာ Facebook Page များကို အခြေခံပြီးလုပ်ဆောင်ကြခြင်းဖြစ်သည်။ ဒါပေမယ့် Shop.com.mm ကတော့ ကိုယ်ပိုင်ဝက်ဆိုဒ်၊ ကိုယ်ပိုင်ပလက်ဖောင်းနဲ့ရောင်းဝယ်နေသော အွန်လိုင်းရှော့ပင်းအကြီးစားကြီးဖြစ်သည်။ ကိုယ်ပိုင်အယ်ပလီကေးရှင်းလည်း ရှိသည့်အပြင် လက်ရှိအချိန်တွင်ဖောက်သည်အများအပြားရရှိနေသော အွန်လိုင်းရှော့ပင်းတစ်ခုလည်းဖြစ်သည်။ အွန်လိုင်းဈေးဝယ်စင်တာကြီး Shop.com.mm အကြောင်း တိတိကျကျသိရအောင် သူတို့ရဲ့မန်နေးဂျင်းဒါရိုက်တာ Sumit Jasoria နဲ့မေးမြန်းဖြစ်ခဲ့ပါတယ်။

Shop.com.mm ကိုဘယ်လိုစတင်တည်ထောင်ဖြစ်ခဲ့သလဲဆိုတာ နည်းနည်းလောက်ရှင်းပြပေးပါလား။

မြန်မာနိုင်ငံမှာဈေးကွက်အလားအလာ အများကြီးရှိတာကို တွေ့ရတဲ့အတွက် Shop.com.mm ကို ၂၀၁၄ ခုနှစ်အောက်တိုဘာလက စတင်ခဲ့တာပါတယ်။ Shop.com.mm က Rocket Internet လက်အောက်မှာရှိတဲ့ကုမ္ပဏီခွဲတစ်ခုပါ။ work.com.mm, ads.com.mm, motor.com.mm တို့ဟာလည်း Rocker Internet ရဲ့လက်အောက်မှာပါပဲ။ အဲ့ဒီအချိန်တုန်းက မြန်မာနိုင်ငံရဲ့အင်တာနက်သုံးစွဲမှုဟာ တဖြည်းဖြည်းမြင့်တက်လာပြီး E-Commerce ဈေးကွက်အတွက် အလားအလာအများကြီးရှိတာမို့ ကျွန်တော်တို့ဝင်ရောက်လုပ်ကိုင် ဖြစ်ခဲ့တာပါ။

 အဲ့ဒီ သုံးနှစ်အတွင်းမှာ ဘာတွေကအဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်ခဲ့သလဲ။

အင်တာနက်သုံးတဲ့သူတော်တော်များများက အွန်လိုင်းရှော့ပင်းဆိုတာနဲ့ Facebook Page တွေကိုပဲ ပြေးမြင်ကြပါတယ်။ ကျွန်တော်တို့က အွန်လိုင်းမှာကိုယ်ပိုင်ဖလက်ဖောင်းရှိတဲ့အပြင် ကုန်ပစ္စည်းတွေအကြောင်း ပြည့်ပြည့်စုံစုံဖော်ပြပြီး ရောင်းဝယ်ပေးနေတဲ့ကုမ္ပဏီပါ။ ကုမ္ပဏီရဲ့အားသာချက်တွေ၊ အွန်လိုင်းရှော့ပင်းရဲ့အားသာချက်တွေ လူအများသိရှိ အောင်လုပ်ခဲ့ရပါတယ်။ လူသိများလာတာနဲ့တပြိုင်နက် ကုန်ပစ္စည်းအမျိုးအစား စုံစုံလင်လင်ရောင်းချပေးနိုင်အောင်လည်း ကြိုးစားခဲ့ရပါတယ်။ ရောင်းချတဲ့ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကိုလည်း တာဝန်ခံပေးတဲ့အထိ ကျွန်တော်တို့အများကြီးပြင်ဆင်ခဲ့ပါတယ်။ နောက်ပြီးမြန်မာနိုင်ငံမှာက ခရစ်ဒစ်ကတ်နဲ့ ဘဏ်စနစ်သုံးစွဲမှုက အရမ်းကြီးမတွင်ကျယ်သေးပါဘူး။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ ငွေပေးချေမှုက ပစ္စည်းရောက်မှ ငွေပေးရေတဲ့ Cash on delivery ပါ။ အခုအချိန်မှာတော့ ဘဏ်လုပ်ငန်းတွေအနေနဲ့ တဖြည်းဖြည်းတိုးတက်လာ တာကို တွေ့ရပါတယ်။ ကျွန်တော်တို့လည်း ဘဏ်တွေနဲ့ချိတ်ဆက်ပြီး အွန်လိုင်းကနေငွေပေးချေနိုင်ဖို့အတွက် ဆောင်ရွက်နေပါပြီ။

Shop.com.mm ရဲ့ ငွေပေးချေမှုက Cash On Delivery ဆိုတော့ ဒါနဲ့ပက်သက်ပြီး အခက်အခဲတွေမကြုံတွေ့ခဲ့ဘူးလား။ ဥပမာ – ခင်ဗျားတို့ ပစ္စည်းလာပို့မှ ဖုန်းမကိုင်တာတို့၊ ပေးစရာပိုက်ဆံမရှိတာတို့၊ ဖုန်းဆက်မှ ကျွန်တော်မမှာဘူးလို့ ညာတာမျိုးပေါ့။

မြန်မာနိုင်ငံက လူတွေက တကယ်ကိုရိုးသားတဲ့သူတွေပါဗျာ။ ဒါမျိုး မရှိဘူးလားဆိုတော့ ရှိတော့ရှိပါတယ်။ ဒါပေမယ့် ၁ ရာခိုင်နှုန်းအောက်ဆိုတော့ အရမ်းကိုနည်းပါးတဲ့ ပမာဏပါ။ ဒီလိုလူလိမ်လူညာအနည်းငယ်လောက်အတွက်နဲ့ ကျွန်တော်တို့လုပ်ငန်းကြီးက ရပ်တန့်သွားဖို့မရှိပါဘူး။ တချို့ကျတို့လည်း ပိုက်ဆံချေခါနီးမှ ငွေမရှိလို့ ရှက်ပြီးဖုန်းမကိုင်တာမျိုးလည်း ကြုံဖူးပါတယ်။ ဒီလိုမျိုးတွေကြုံခဲ့ရင် အဲဒီနေရာကိုမှတ်ထားပြီး နောက်တစ်ခါ မပို့တော့ပါဘူး။ ဒါတွေကလည်းတော်တော်လည်း နည်းပါးတဲ့ဖြစ်ရပ်တွေပါ။ ရိုးသားတဲ့မြန်မာနိုင်ငံသားတွေနဲ့ အလုပ်တွဲလုပ်ရတဲ့ကျွန်တော်တို့မှာ ဒီအတွက်ပြဿနာကြီးကြီးမားမားမရှိပါဘူး။

ဘယ်လိုအမှတ်တံဆိပ်တွေကို အဓိကထားလဲဗျ။

အမှတ်တံဆိပ်အားလုံးပါပဲ။ ဈေးနှုန်းကြီးမြင့်တဲ့အမှတ်တံဆိပ်ကြီးကနေစပြီး အမျိုးအစားအားလုံးရှိပါတယ်။ တကယ့် Brand ကြီးတွေဆိုရင် တစ်နိုင်ငံလုံးကို ဖြန့်ချီချင်တဲ့အတွက် ကျွန်တော်တို့ဆီကနေ ရောင်းချကြပါတယ်။ ပုံမှန်ဆိုရင် ရောင်းချင်တဲ့မြို့အထိသွားပြီး ဆိုင်ခန်းဖွင့်ပြီးရောင်းရမှာလေ။ ကျွန်တော်တို့ဆီကနေ ရောင်းမယ်ဆို ဒီလိုအခက်အခဲတွေမရှိတော့ပါဘူး။ ဒါကအွန်လိုင်းရဲ့ အားသာချက်လို့ပြောရမှာပါပဲ။

ကျွန်တော်က ဖက်ရှင်ဆိုင်တစ်ဆိုင်ဖွင့်ထားတဲ့ လူတစ်ယောက်ဆိုပါတော့။ ကျွန်တော် ခင်ဗျားတို့ဝက်ဆိုဒ်မှာကျွန်တော်ရဲ့ပစ္စည်းတွေကို ရောင်းချင်ရင် ဘယ်လိုလုပ်ရမှာလဲ။ ကော်မစ်ရှင်ရော ဘယ်လိုပေးရမှာလဲဗျ။

ကော်မစ်ရှင်ခကတော့ အမျိုးအစားကိုလိုက်ပြီး ကွဲပြားပါတယ်။ တချို့ပစ္စည်းတွေက အမြတ်မာဂျင်နည်းပေမယ့်အရေအတွက်များများရောင်းရပြီး တချို့ကျတော့ အမြတ်မာဂျင်များပြီး အရေအတွက် နည်းနည်းရောင်းရတဲ့အတွက် ပုံသေတော့မရှိပါဘူး။ Local Product တွေထဲက ဘယ်ပစ္စည်းကိုမဆို ကျွန်တော်တို့ဆီမှာလွတ်လွတ်လပ်လပ်ရောင်းဝယ်လို့ ရပါတယ်။ နိုင်ငံတကာ Brand တွေဆိုရင်တော့ ရောင်းချင်တဲ့ပစ္စည်းက စစ်မှန်ဖို့တာဝန်ယူရမှာဖြစ်သလို အရည်အသွေးကလည်း အာမခံချက်ရှိရပါမယ်။

မြန်မာနိုင်ငံမှာ အကြီးဆုံးလို့ဆိုနိုင်တဲ့ Shop.com.mm အနေနဲ့ မြန်မာနိုင်ငံရဲ့အနာဂတ် E-Commerce အလားအလာကို ပြောပြပေးပါဦး။ ဥပမာ – Amazon လိုကုမ္ပဏီမျိုးရောက်လာခဲ့ရင်ဆိုတာမျိုးပေါ့။

မြန်မာနိုင်ငံရဲ့ E-Commerce အလားအလာကတော့ တဖြည်းဖြည်းတိုးတက်လာမှာပါ။ လူတွေကလည်း တဖြည်းဖြည်းနဲ့ အွန်လိုင်းကနေ ဝယ်ယူမှုများပြားလာပြီး အင်တာနက်အသုံးပြုခကလည်း ဈေးနှုန်းပိုမိုချိုသာလာနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နောက်ထပ်တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ပါတနာအသစ်တွေနဲ့တြွဲ့ပီး ပိုမိုရင်းနှီးမြှုပ်နှံဖို့ ရှိနေပါတယ်။ နောက်ပြီး Amazon တို့လိုကုမ္ပဏီကြီးတွေရောက်လာရင်လည်း သိပ်ပြီးပြဿနာမရှိပါဘူး။ ကျွန်တော်တို့ကလည်း နိုင်ငံတကာကုမ္ပဏီတစ်ခုဖြစ်သလို နိုင်ငံအများအပြားမှာ ကုမ္ပဏီခွဲတွေ ရှိပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံအတွင်းက Local Market ကိုအဓိကထားတာပါ။ ကျွန်တော်တို့ ဒီမှာလုပ်ကိုင်နေတာ နှစ်နှစ်ခွဲလောက်ရှိပါပြီ။ ဒီနိုင်ငံဈေးကွက်အကြောင်းကောင်းကောင်း သိပါတယ်။လိုအပ်ရင် ယှဉ်ပြိုင်ဖို့ဝန်မလေးပါဘူး။

တချို့တွေက Facebook ကို အင်တာနက်လို့ထင်နေကြတယ်နော်။ နောက်ပြီး ခင်ဗျားတို့ရဲ့ဝက်ဆိုဒ်ကိုဝင်ပြီးကြည့်တဲ့သူများအောင်၊ ခင်ဗျားတို့ အယ်ပလီကေးရှင်းကို လူသုံးများလာအောင်လည်း လုပ်ရဦးမယ်လေ။ ဒီပြဿာနာတွေကိုရော ခင်ဗျားတို့ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ။

Facebook ကလည်း ကျွန်တော်တို့ကို အများကြီးအကျိုးပြုပါတယ်။ ဒါပေမယ့် Facebook ပေါ်မှာရောင်းဝယ်နေတဲ့ပစ္စည်းတွေအတွက် အရည်အသွေးအာမခံချက်က မသေချာပါဘူး။ ဒါက ကျွန်တော်တို့နဲ့ကွာခြားသွားတဲ့အဓိကအချက်ပါ။ နောက်ပြီး ကျွန်တော်တို့မှာ တိကျတဲ့ပေါ်လစီတွေ ရှိပါတယ်။ ဝယ်သူတစ်ယောက်ပစ္စည်းကိုနှစ်ခြိုက်မှုမရှိဘူးဆိုရင် ၇ ရက်အတွင်းအခမဲ့ပြန်လဲပေးပါတယ်။ ဒါမှမဟုတ်ရင်လည်း ငွေပြန်အမ်းပေးတာမျိုးပါ။မြန်မာနိုင်ငံမှာရောင်းဝယ်နေတဲ့ ဘယ် Facebook Page မှာမှ ဒီလိုအာမခံချက်မျိုးမရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ Shop.com.mm ကို လူတွေသိအောင်တော့ Facebook ကနေ Marketing လုပ်ရပါတယ်။

 ဘယ်အပိုင်းကနေ ခင်ဗျားတို့ဝင်ငွေအများဆုံး ရတာလဲ။ ဥပမာ – ဖက်ရှင်လား၊ အိုင်တီလား ဘယ်အပိုင်းကဏ္ဍများ ဖြစ်မလဲ။

ဖုန်းတို့လို အီလက်ထရောနစ်ပစ္စည်းတွေက တန်ဖိုးကြီးသလို တွေကတော့ ဝင်ငွေများပါတယ်။ ဒါပေမယ့်သူတို့ ရောင်းအားက အရမ်းမများပါဘူး။ အဝတ်အထည်တို့လို ဖက်ရှင်ပစ္စည်းတွေက ဝင်ငွေနည်းပေမယ့် သူတို့ကရောင်းအားများပါတယ်။ ဖုန်းတွေကတော့ ကျွန်တော်တို့အရောင်းရဆုံးပစ္စည်းတွေပါ။ အခြားကုန်ပစ္စည်းတွေလည်း သူဘာနဲ့သူ ရောင်းရပါတယ်။

Wave Money တို့လိုမျိုး Mobile Payment တွေနဲ့ရော ဘယ်လိုချိတ်ဆက်ထားလဲ။

Wave Money နဲ့ အခုကျွန်တော်တို့ အလုပ်တွဲလုပ်နေသလို AGB Pay၊ MAB Mobile Bank တို့နဲ့ချိတ်ဆက်ထားပါတယ်။ နောက်မကြာခင်မှာလည်း အွန်လိုင်းကနေ တိုက်ရိုက်ငွေပေးချေနိုင်အောင် ဆောင်ရွက်နေပါပြီ။

အခရာ

(www.akhayar.com)