CSR ဆိုတာ ဘာလဲ (CSR ဘယ်နှမျိုးရှိသလဲ)

CSR ဆိုတာ အခုနောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေမှာ ရေးပန်းစားလာတဲ့ ဝေါဟာရတစ်ခုဖြစ်ပြီးတော့ သူ့ရဲ့အရှည်စာလုံးက ‘Corporate Social Responsibility’ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်လည်ပတ်နိုင်ဖို့ လုပ်ငန်းနယ်ပယ်၊ ပတ်ဝန်းကျင်နဲ့ ဖောက်သည်တွေအတွက် အဖွဲ့အစည်းတွေက ပြန်လည်အကျိုးပြုတဲ့ အစီအစဉ်ဖြစ်တဲ့အတွက် CSR ကို ‘စီးပွားရေး တာဝန်ကျေပွန်မှု’ လို့ ဆိုနိုင်ပါတယ်။

ကိုယ့်လုပ်ငန်းကို အကျိုးပြုတဲ့ ဖောက်သည်တွေကို ပြန်လည်ထောက်ပံ့ပေးတဲ့ လုပ်ငန်းစဉ်တစ်ခုလို့ ဆိုနိုင်ပါသေးတယ်။ တကယ်တော့ CSR လုပ်ငန်း (၄) မျိုးရှိပါတယ်။

ပထမတစ်မျိုးက စီးပွားရေး တာဝန်ကျေပွန်မှု (Economic Responsibility) ပဲဖြစ်ပါတယ်။ ကိုယ့်ကုမ္ပဏီကြီး တိုးတက်အောင်မြင်လာရင် ဝန်ထမ်းတွေ အများကြီးခန့်နိုင်တာ (ဝန်ထမ်းများလာတဲ့အတွက် အလုပ်လက်မဲ့ဦးရေ နည်းပါးလာတာ) ဝန်ထမ်းတွေကို လစာပိုပေးနိုင်တာ (ပြည်သူတွေ စီးပွားရေးချောင်လည်လာတာ) နဲ့ နိုင်ငံတော်အခွန်တွေကို ပိုပေးလာနိုင်တာပဲဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းကြီးထွားလာလို့ ဝန်ထမ်းတွေ လစာကောင်းကောင်းနဲ့ အများကြီးခန့်နိုင်တာလည်း CSR တစ်မျိုးပဲဖြစ်ပါတယ်။

ဒုတိယတစ်မျိုးက တရားဥပဒေ စောင့်သိမှု (Legal Responsibility) ပဲဖြစ်ပါတယ်။ တရားဥပဒေအရ တားမြစ်ထားတဲ့ ဆေးဝါးတွေကို မသုံးစွဲတာ၊ စားသုံးသူတွေကို ထိခိုက်စေတဲ့ ပါဝင်ပစ္စည်းတွေကို ရှောင်ကြဉ်တာနဲ့ တရားဥပဒေနဲ့အညီ လုပ်ကိုင်တာတွေ မှန်သမျှကို CSR လို့ ခေါ်နိုင်ပါတယ်။

တတိယတစ်မျိုးကတော့ ကျင့်ဝတ် စောင့်သိမှု (Ethical Responsibility) ပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ထုတ်ကုန်တွေကိုပဲ ဖြန့်ဖြူးတာ၊ အခွန်ခတွေကို ပုံမှန်ဆောင်ပေးတာနဲ့ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ နိုင်ငံတွေကို တင်သွင်းခြင်း မပြုတာလည်း CSR သဘောပါပဲ။

စတုတ္ထတစ်မျိုးကတော့ ပရဟိတပိုင်းမှာ တာဝန်သိမှု (Philanthropic Responsibility) ပါ။ ကုမ္ပဏီက ရရှိလာတဲ့ အမြတ်အစွန်းတွေကို လူသားအကျိုးပြုလုပ်ငန်းတွေမှာ ဆောင်ရွက်တယ်၊ ပြည်သူလူထုအတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနဲ့ ဘာသာရေးလုပ်ငန်းတွေမှာ ကူညီစောင်မပေးတာကို ခေါ်တာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မိုဘိုင်းအော်ပရေတာတစ်ခုဖြစ်တဲ့ အူရီဒူး (Ooredoo) ဟာဆိုရင် “မိနစ်များများပြောလေ အူရီဒူးကများများလှူပေးလေ” အစီအစဉ်ကို စတင်ခဲ့ပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ပြည်သူလူထု (၁) မိနစ်ဖုန်းပြောတိုင်း အူရီဒူးက (၁) ကျပ်လှူဒါန်းခဲ့ရာ ကျပ်သိန်းပေါင်း (၉ဝဝ) ကျော်အထိကို မကွေးတိုင်းဒေသကြီးရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ လှူဒါန်းနိုင်ပါတယ်။ ဒါကလည်း CSR ရဲ့ စတုတ္ထအချက်ပဲဖြစ်ပါတယ်။ အူရီဒူးလို CSR ကို အလေးထားတဲ့ ကုမ္ပဏီတွေ များများရှိလာလေ နိုင်ငံတော်အတွက် တိုးတက်လေလို့သာ ဆိုချင်ပါတယ်။

Kyaw Soe Aung (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]