ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက ၀ုလ်ဗ်အသင်းနဲ့ ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပြီးတဲ့နောက် မန်ယူအသင်းဟာ FA ဖလား ရှုံးကြွေးပြန်မဆပ်နိုင်ခဲ့တဲ့အပြင် ပြိုင်ပွဲစုံ (၃)ပွဲဆက် ရှုံးနိမ့်တဲ့မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့တယ်။ ယာယီနည်းပြဘ၀တုန်းက ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားဟန်၊ စံချိန်မှတ်တမ်းကောင်းတွေအပြင် နိုင်ပွဲတွေနဲ့အတူ မျက်နှာပန်းလှခဲ့တဲ့ ဆိုးလ်ရှား Ole Gunnar Solksjaer အမြဲတမ်းနည်းပြဖြစ်လာပြီးမှ အသင်းရဲ့ ခြေစွမ်းရော၊ ရလဒ်ပိုင်းပါ ကျဆင်းသွားတာက အံ့အားသင့်စရာပါပဲ။ ရုတ်တရက်ဆိုသလို မြားအောက်စိုက်သွားတဲ့ မန်ယူအသင်း ဘာတွေ မှားယွင်းသွားတာလဲ . . .

ပထမဆုံးပြောရမှာက ကစားသမားတွေရဲ့ တစ်ဦးချင်းအရည်အသွေးပိုင်းပါပဲ။ ဂိုးသမားကလွဲပြီး ကျန်တဲ့နေရာစုံမှာ ကမ္ဘာ့အဆင့်လို့ သတ်မှတ်ရမယ့်သူက လက်ချိုးရေရင်တောင် (၅)ယောက် မပြည့်ပါဘူး။ နောက်တန်းက ပိုဆိုးပါတယ်။ ဒါကြောင့်ပဲ ဆိုးလ်ရှားဟာ လာမယ့်ရာသီကျရင် ခံစစ်ကို အဓိက ပြင်ဆင်မယ့်အနေအထားရှိနေတာဖြစ်ပြီး နောက်ခံလူတော်တော်များများကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထက်နေတာပါ။ အလယ်တန်းကို ပြန်ကြည့်ရင်လည်း မာတစ် Matic က အကျပိုင်းရောက်ပြီဖြစ်သလို ပေါ့ဘာ Pogba ကလည်း သူ့အဆင့်နဲ့မလိုက်အောင် ပုံမှန်ခြေစွမ်းမရှိပါဘူး။ အဆိုးဆုံးက ပေါ့ဘာဟာ နည်းပြဟောင်း မော်ရင်ဟို Mourinho ပြောခဲ့ဖူးသလို အသင်းရဲ့ Virus ဖြစ်ပြီး တစ်ဦးတည်းအမြင်အရ ပြောရရင်တော့ မန်ယူနဲ့ ဘယ်လိုမှ မလိုက်ဖက်တဲ့ ကစားသမားလို့ ဝေဖန်ချင်ပါတယ်။ ပေါ့ဘာဟာ ကမ္ဘာ့အဆင့် ကစားသမားဆိုတာ မငြင်းပါဘူး။ ဒါပေမဲ့ သူ့ရဲ့ စိတ်ဓာတ်ကတော့ ဇီးရိုးလို့ ပြောရမယ်။ မော်ရင်ဟိုလက်ထက်တုန်းက သူ့ကို ခံစစ်ပါလိုက်ခိုင်းလို့ မကျေမနပ်ဖြစ်ပြီး ပြဿနာစခဲ့တာ၊ ဘာစီလိုနာကို ပြောင်းဖို့ တောင်းဆိုခဲ့တာ စတဲ့ အကျင့်စရိုက်တွေက စိတ်ပျက်စရာပါပဲ။ ဆိုးလ်ရှား လက်ထက်မှာ ပုံမှန်ခြေစွမ်းပြန်ပြလို့ ပေါ့ဘာပြန်လာပြီဟဲ့ဆိုပြီး ၀မ်းသာအားရဖြစ်နေတုန်းမှာပဲ ရီးယဲလ်ကို ပြောင်းချင်တယ်လို့ ပြောပြီးချိန်ကတည်းက သူ့ရဲ့ ခြေစွမ်းကျသွားတာက တိုက်ဆိုင်မှုတော့ မဟုတ်လောက်ပါဘူး။ ဆိုးလ်ရှားက ပေါ့ဘာရဲ့ ခြေစွမ်းကို ကာကွယ်မှုတွေလုပ်နေပေမယ့်လည်း လက်ရှိအခြေအနေအရတော့ ပေါ့ဘာနေရာမှာ အစားထိုးမယ့်သူကို ရှာဖွေသင့်နေပါပြီ။

နောက်တစ်ခုကတော့ အဓိက ကစားသမားတွေ အနာဂတ်လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ အနေအထားကို ဘယ်လိုတည်ငြိမ်အောင် ဆိုးလ်ရှား ဖြေရှင်းမလဲဆိုတာပါပဲ။ ဒီဂီယာ De Gea က လစာတိုးပြီး လိုချင်သလို၊ ဟာရဲရား Ander Herrera ကလည်း ရာသီကုန်ကျရင် အသင်းနဲ့ လမ်းခွဲမယ့်အနေအထားဖြစ်နေပါပြီ။ ဒီပြဿနာရဲ့ အရင်းအမြစ်က ဆန်းချက်ဇ် Alexis Sanchez ကို လစာတွေ မတန်တဆပေး၊ ကစားသမားက ခြေစွမ်းမပြနိုင်၊ အဲဒီတော့ အသင်းအတွက် အကောင်းဆုံးပေးဆပ်နေကြတဲ့ ကစားသမားတွေ လစာပိုတိုးလိုချင်တာ သိပ်မဆန်းပါဘူး။ ဒီအနေအထားက အသင်းရဲ့အနေအထားကို မတည်မငြိမ်ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ လာမယ့်နွေကျရင် ဆန်းချက်ဇ်ကို ရှင်းထုတ်ဖို့ရှိနေပေမယ့် ဒါဟာ ဒီဂီယာ၊ ဟာရဲရားတို့ကို ဆက်ထိန်းထားနိုင်ဖို့တော့ လိုနေပါပြီ။ လာမယ့်နွေရာသီမှာ ဆိုးလ်ရှား အဓိက ဦးစားပေးလုပ်ရမှာက အသင်းမှာ အသုံးမလိုတော့တဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ဖြစ်လာပါလိမ့်မယ်။ မန်ယူအသင်းရဲ့ လူစာရင်းကို ကြည့်ရင် တစ်နေရာကို နှစ်ယောက်လောက် ရှိနေပေမယ့် အရန်ကစားသမားတွေဟာ ပွဲထွက်ကစားသမားတွေရဲ့ နေရာ ၀င်နိုင်တဲ့သူတွေ မဟုတ်တာက ဆိုးရွားပါတယ်။ ဒါမီယန် Matteo Darmian ၊ ရိုဟို Marcos Rojo ၊ ဗလင်စီယာ Antonio Valencia တို့ဟာ အသင်းက ထွက်ခွာဖို့ နီးစပ်နေပါပြီ။

ဆိုးလ်ရှားရင်ဆိုင်နေရတဲ့ အခက်အခဲတစ်ခုက ညာခြမ်းတိုက်စစ်ပိုင်း ပြဿနာဖြစ်ပါတယ်။ ဒါလော့တ် Dalot ဟာ ဒီပြဿနာအတွက် အဖြေမဟုတ်သလို၊ အက်ရှ်လေယန်း Ashley Young ကလည်း အသက်အရွယ်အရ ကစားအားပိုင်းမှာ စကားပြောလာပါတယ်။ အရန်စာရင်းမှာလည်း ဒီနေရာကို ၀င်ဖြည့်နိုင်တဲ့သူ လောက်လောက်လားလား မရှိပါဘူး။ လင်ဂတ် Lingard က Rating 10 မှာ 5 လောက်ပဲ ရှိတဲ့ ကစားသမားဖြစ်ပြီး မာတာ Mata ကတော့ အခုနောက်ပိုင်းမှာ သိသိသာသာကို ခြေကျသွားပါပြီ။ မန်ယူအသင်းရဲ့ အခုနောက်ပိုင်းကစားဟန်က ဆိုးလ်ရှား စကိုင်တုန်းကလည်း စုစည်းမှုမရှိတော့ဘဲ မော်ရင်ဟိုခေတ်က ပုံစံအတိုင်း ပြန်မြန်နေရသလိုဖြစ်နေပါပြီ။ လက်ရှိအချိန်မှာ မန်ယူအသင်း ရလဒ်တွေ ဆိုးရွားနေတဲ့အတွက် ဆိုးလ်ရှားတစ်ယောက်တည်းကိုပဲ လက်ညိုးထိုးရင်တော့ တရားမျှတမှု မရှိဘူးလို့ပဲ ပြောရမှာပါ။ ဒီလူစာရင်းနဲ့ ဒီလောက်အထိဖြစ်အောင် လုပ်ပြနိုင်တာကိုက ချီးကျုးစရာကောင်းနေပါပြီ။ ဒါပေမဲ့လည်း ဆိုးလ်ရှားအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်၊ နောက်ရာသီသစ်မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် ဒီအစုအဖွဲ့နဲ့ ဆက်သွားလို့ မရဘူးဆိုတာ သိနေလောက်ပါပြီ။ အခုလောလောဆယ် အရေးကြီးဆုံးက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဖြစ်ပြီး လက်ကျန်ပွဲတွေမှာ ဆိုးလ်ရှား ဘာတွေလုပ်ပြဦးမလဲဆိုတာကတော့ . . .

Photo:Gist Junction,Eurosport,GettyImages,dailymail.
Naing Linn(Akhayar)
www.akhayar.com