ဆေးလိပ်သောက်တယ်ဆိုတာ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်ဆိုတာ ဒီနေ့ခေတ်လူတိုင်း သိကြပါတယ်။ ဆေးလိပ်ရဲ့ ဆိုးကျိုးကို လူတိုင်းလိုလိုသိကြပေမယ့် လူတိုင်းဟာ စိတ်ဖိစီးမှုတွေအတွက် ထွက်ပေါက်ရှာတဲ့အနေနဲ့ကော၊ဆေးလိပ်ကို စွဲနေတဲ့အတွက်ကြောင့်ကော ဖြတ်မရဘဲ သောက်သုံးမြဲ သောက်သုံးနေကြပါတယ်။ အမှန်ဆို ဆေးလိပ်ဟာ သောက်သုံးသူရဲ့ ကျန်းမာရေးကိုသာ ထိခိုက်စေတာမဟုတ်ဘဲ ဘေးပတ်ဝန်ကျင်မှာရှိတဲ့ ဆေးလိပ်ငွေ့ကို ရှုမိတဲ့သူတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ကိုယ်ကျန်းမာရေးကို ဂရုမစိုက်လို့ မကြောက်ဘဲ သောက်နေရင်တောင်မှ ဘေးပတ်ဝန်ကျင်က လူတွေ၊ကိုယ်ရဲ့မိသားစုတွေနဲ့ ကိုယ်ချစ်ရတဲ့သူတွေကို မထိခိုက်စေဖို့အတွက် ဆေးလိပ်ကို ဖြတ်သင့်ပါတယ်။

ဆေးလိပ်ကို မိနစ်ပိုင်းလောက်ကနေစပြီး နှစ်ရှည်လများ အကြာကြီး ဖြတ်လိုက်ရင် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်ပြီး ကျန်းမာရေးလည်း သိသိသာသာ ကောင်းမွန်လာတာကို တွေ့ရပါတယ်။ လူတွေဆေးလိပ်ဖြတ်တာကို ကျွမ်းကျင်သူတွေက နာရီ၊မိနစ်နဲ့ နှစ်အလိုက် ခွဲခြားစိတ်ဖြာပြီး လေ့လာမှုတွေလုပ်ပြီး ရရှိလာတဲ့ ရလဒ်တွေအရ ဘာတွေပြောင်းလဲသွားလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

– မိနစ်၂၀ ဆေးလိပ်ဖြတ်လိုက်ရင် သွေးဖိအား ပုံမှန်အခြေအနေကို ပြန်ရောက်လာနိုင်ပါတယ်။
– ၈ နာရီ ဆေးလိပ်ဖြတ်လိုက်ရင် ခန္ဓာကိုယ်ထဲရှိ အောက်ဆီဂျင်လည်ပတ်မှုဟာ ပုံမှန်အတိုင်းပြန်ဖြစ်လာပြီး သွေးထဲရှိ နီကိုတင်း၊ကာဗွန်မိုနောက်ဆိုဒ် ပမာဏတွေ လျော့ကျလာတာကို တွေ့ရပါတယ်။
– ၄၈ နာရီ ဆေးလိပ်ဖြတ်လိုက်ရင် ခန္ဓာကိုယ်ထဲရှိ ကာဗွန်မိုနောက်ဆိုဒ်တွေကို ဖယ်ထုတ်ပြီးသားဖြစ်ပြီး အဆုတ်ထဲက ချွဲတွေနဲ့ ဆေးလိပ်သောက်လိုက်လို့ ရှုရှိုက်မိတဲ့ မီးခိုးငွေ့တွေကို ဖယ်ရှားဖို့ စတင်လုပ်ဆောင်ပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ အရသာနဲ့ အနံခံအာရုံလည်း သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရပါတယ်။
– ၇၂ နာရီ ဆေးလိပ်ဖြတ်လိုက်ရင် ဆေးလိပ်သောက်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေ တဖြည်းဖြည်းလျော့ပါးသွားပြီး စွမ်းအင်တွေ တိုးလာတာကို တွေ့ရပါလိမ့်မယ်။
-၂ ပတ်ကနေ ၁၂ ပတ်အထိ ဆေးလိပ်ဖြတ်လိုက်ရင် ခန္ဓာကိုယ်ထဲရှိ သွေးလည်ပတ်မှုအားလုံးတိုးတက် ကောင်းမွန်လာပါလိမ့်မယ်။
– ၃လကနေ ၉ လအထိ ဆေးလိပ်ဖြတ်လိုက်ရင် အဆုတ်ရဲ့လုပ်ငန်းတွေ တိုးတက်ကောင်းမွန်လာတာကို တွေ့ရပါလိမ့်မယ်။ ချောင်းဆိုးခြင်းတွေ ဖြစ်နေရင်လည်း ၁၀ ရာခိုင်နှုန်းလောက် သက်သာလာပြီး အသက်ရှုကြပ်ခြင်းတွေ တဖြည်းဖြည်း သက်သာလာတာကို တွေ့ရပါလိမ့်မယ်။
-၁နှစ်လောက် ဆေးလိပ်ဖြတ်လိုက်ပြီဆိုရင်တော့ ဆေးလိပ်သောက်လို့ ဖြစ်တတ်တဲ့ လေဖြတ်ခြင်း (သို့) နှလုံးရောဂါဖြစ်ခြင်း အန္တရာယ် ထက်ဝက်လောက် ကျဆင်းသွားတာကို တွေ့ရပါလိမ့်မယ်။
– ၁၀ နှစ်ကျော်ကြာတဲ့အထိ ဆေးလိပ်ဖြတ်လိုက်ပြီဆိုရင်တော့ ဆေးလိပ်စွဲစွဲမြဲမြဲသောက်တဲ့သူမှာ ဖြစ်တတ်တဲ့ အဆုတ်ကင်ဆာဖြစ်ခြင်းအန္တရာယ် ထက်ဝက်လောက် ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

ကိုယ်ကျန်းမာရေးကို ဂရုမစိုက်လို့ ဆေးလိပ်မဖြတ်ဘဲ သောက်ချင်ရင်တောင် ကိုယ်ဘေးပတ်ဝန်းကျင်က ဆေးလိပ်မသောက်ဘဲ ဆေးလိပ်ငွေ့ ရှုရတဲ့ လူတွေကို အားနာသမှုနဲ့ ဆေးလိပ်ကို မိနစ်ပိုင်းကနေ စဖြတ်တဲ့ အကျင့်လုပ်ကာ တစ်ဆင့်ချင်းတက်သွားရင် ကိုယ်လည်းကျန်းမာလာပြီး ဘေးပတ်ဝန်းကျင်ကိုလည်း အကျိုးပြုတဲ့ လူကောင်းတစ်ယောက်အဖြစ် ရှင်သန်နေနိုင်လာမှာ အသေအချာပါပဲ။ ဆေးလိပ်မသောက်သုံးခြင်းဖြင့် ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ လူတော်လူကောင်းအဖြစ် ရှင်သန်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

www.akhayar.com