၂၀၁၀၊ ဇန်န၀ါရီလတုန်းက ၀က်စ်ဟမ်းအသင်းကို ဒေးဗစ်ဂိုးလ် David Gold နဲ့ ဒေးဗစ်ဆူလီဗန် David Sullivan တို့ ၀ယ်ယူခဲ့ပြီးနောက်ပိုင်း ၀က်စ်ဟမ်းအသင်းဟာ (၉)နှစ်တာကာလအတွင်း တိုက်စစ်မှူး(၃၈)ဦးအထိ ၀ယ်ခဲ့ပေမယ့် အသင်းအတွက် အကျိုးပြုနိုင်ခဲ့သူ တစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ ၀က်စ်ဟမ်းအသင်း ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးတွေထဲမှာ အန်ဒီကာရိုးလ် Andy Carroll ၊ ဒမ်ဘာဘား Demba Ba ၊ ဇာရာတေး Mauro Zarate တို့လို နာမည်ကျော်တွေ ပါဝင်ခဲ့ပေမယ့်လည်း သူတို့တွေဟာ စိတ်ပျက်စရာအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီကစားသမား(၃၈)ဦးပေါင်း ကစားခဲ့တဲ့ပွဲအရေအတွက်က (၉၅၇)ပွဲအထိ ရှိပေမယ့် သွင်းဂိုးက (၂၀၃)ဂိုးသာရှိတာကြောင့် တော်တော်ဆိုးရွားတဲ့ စွမ်းဆောင်ရည်လို့ ပြောရမှာပါ။

အဲဒီတိုက်စစ်မှူး (၃၈)ဦးထဲမှာ သွင်းဂိုးအများဆုံးက ပြီးခဲ့တဲ့ရာသီကုန်က အသင်းနဲ့လမ်းခွဲလိုက်ပြီဖြစ်တဲ့ အန်ဒီကာရိုးလ်ပဲဖြစ်ပြီး (၁၄၂)ပွဲမှာ (၃၄)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်ကြတဲ့ ဘန်နီမက္ကာသီ Benni McCarthy ၊ မီဒို Mido ၊ ချာမတ် Chamakh ၊ ဘော်ရီရယ်လို Marco Borriello တို့လို တိုက်စစ်မှူးတွေကတော့ ဆိုးဆိုးရွားရွာပဲ တစ်ဂိုးမှကို မသွင်းနိုင်ခဲ့ကြပါဘူး။ ကံဆိုးတာက အခုလက်ရှိအချိန်မှာလည်း ၀က်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူးပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။ အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အာနော်တိုဗစ် Marko Arnautovic ဟာ တရုတ်စူပါလိဂ်ကလပ် Shanghai SIPG အသင်းကို မကြာသေးခင်ကမှ ပြောင်းရွှေ့သွားပြီဖြစ်သလို လူးကပ်စ်ပီရက်ဇ် Lucas Perez ကလည်း အသင်းနဲ့ လမ်းခွဲသွားပြီဖြစ်တာကြောင့် အခုလောလောဆယ် အသင်းမှာ ဒေါင်ဒေါင်မြည်တိုက်စစ်မှူးဆိုလို့ ဟာနန်ဒက်ဇ် Javier Hernandez ၊ Jordan Hugill တို့ပဲ ရှိပါတော့တယ်။ ဒါကြောင့် ၀က်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူးတစ်ဦး မဖြစ်မနေခေါ်ဖို့ လိုပေမယ့် ပြီးခဲ့တဲ့(၉)နှစ်အတွင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေက အလုပ်မဖြစ်တာကြောင့် အဲဒီလို ထပ်မှားမှာကို ၀က်စ်ဟမ်းပရိသတ်တွေ စိုးရိမ်နေကြပါပြီ။

REF:sportbible
Photo:Andy Carroll Facebook, Chris Deeley Twiiter
Naing Lin(Akhayar)
www.akhayar.com