အပတ်တိုင်း တင်ဆက်ပေးနေကြ Comfort Zone ရဲ့ အဖြေများ စုစည်းဖော်ပြပေးမှုဟာ ဒီအပတ်မှာလည်း ပြန်လည်ရောက်ရှိလို့ လာပါပြီ။ ဒီတစ်ပတ်မှာရော ဘယ်သူတွေက ဘယ်လိုမေးခွန်းတွေကို လာမေးထားပြီး အခရာကရော ဘယ်လိုမျိုး ပြန်ဖြေပေးထားလဲဆိုတာကို ပရိသတ်ကြီး ဖတ်ရှုကြည့်ပြီး ပြန်လည်အသုံးချနိုင်စေဖို့ ရည်ရွယ်ပါတယ်။ ကဲမေးခွန်းလေးတွေနဲ့ အဖြေလေးတွေကို ကြည့်လိုက်ကြရအောင်။

Q1: အခုလို အန္တရာယ်များတဲ့ခေတ်ကြီးမှာ မိန်းကလေးတစ်ယောက်တည်း ညဖက် အလုပ်ကနေပြန်ရမယ်ဆိုရင် အန္တရာယ်ကင်းအောင် ဘာတွေပြင်ဆင်ပြီး ပြန်ရင်ကောင်းမလဲ။ အခုမှစပြီး ညဖက်ကို တစ်ယောက်တည်း ပြန်ရမှာမို့ အကြံပေးပါဦးနော်ဆိုပြီး အမည်မဖော်လိုတဲ့ အကောင့်ပိုင်ရှင်တစ်ဦးက မေးထားပါတယ်။

A1: တစ်ယောက်တည်းပြန်ရလို့ ဘေးအန္တရာယ်ကင်းဖို့အတွက်ဆို ငရုတ်ကောင်း Spray ၊ ဘီးလိုမျိုး ချွန်ထက်တဲ့အရာ တစ်ခုခုကို ပိုပိုလိုလို ဆောင်ထားပါ။ အရေးအကြောင်းဆို ထုတ်သုံးလို့ ရတာပေါ့။ တက္ကစီတွေ ဘာတွေနဲ့ ပြန်တယ်ဆိုရင်လည်း တတ်နိုင်သမျှ Location ကို မိသားစုဝင်တစ်ဦးဦးစီ ရှဲထားပါ။ အချိန်ရတယ်ဆိုရင်တော့ ကိုယ်ခံပညာတစ်ခုခုကိုလည်း တက်ထားပါ။ အရေးအကြောင်းဆို ခုခံကာကွယ်လို့ ရတာပေါ့။ အဓိကကတော့ မကြောက်ဖို့ပါပဲ။ ကြောက်တာကို ရှုံးနိမ်မှု တစ်ခုဖြစ်လို့ ကြောက်စိတ်ကို အတတ်နိုင်ဆုံး ဖျောက်ပါနော်။ ဘုရားစာဆိုပြီး ပြန်တာကလည်း စိတ်ကိုလည်း တည်ငြိမ်စေသလို ဘေးကင်းလုံခြုံတယ်လို့လည်း ခံစားရစေပါတယ်။

Q2: Panda Panda ဆိုတဲ့ အကောင့်ပိုင်ရှင်တစ်ဦးက”ခုလက်ရှိအချိန်မှာ သူနာယပြုသင်တန်းတက်နေပေမယ့် အိမ်က Law ကို Distance တက်ခိုင်းနေပါတယ်။ သူနာပြုပဲ ၀ါသနာပါ​ပေမဲ့ အိမ်​ကဘွဲ့ရ​အောင်​ယူခိုင်းလို့ ဥပ​ဒေပါတက်​​နေရမယ်အခြေအနေဖြစ်နေပါတယ်။ သူနာပြုတက်နေတာကလည်း ၁၀လပိုင်းဆို Certificate ရပြီမို့ သူနာပြုဒီပလိုမာဆက်​တက်​ချင်​တယ်​။အိမ်​ကလည်း​ပေးတက်​ပါတယ်​ ဒါ​ပေမဲ့​ဆေးရုံမာအလုပ်​ဆင်းပီးမှ ဒီပလိုမာဆက်​တက်​ရမလား ဘလိုလုပ်​ရမလဲမသိလို့ပါရှင့်​” ဆိုပြီး လာမေးထားပါတယ်။

A2: အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်တယ်ဆိုရင် နှစ်ခုလုံးကို တပြိုင်နက်ထဲ လုပ်ဖို့တော့ အကြံပေးချင်ပါတယ်။ လူကိုတော့ ပင်ပန်းပါလိမ့်မယ်။ တပြိုင်နက်ထဲ မလုပ်နိုင်ဘူးဆိုရင်တော့ ကိုယ်ဘာဝါသနာပါလဲ သေချာစဉ်းစားပါ။ ဘာလုပ်နေရရင်ပျော်လဲ။ ပျော်တဲ့နောက်ကိုပဲလိုက်ဖို့ အကြံပေးချင်ပါတယ်။ဝါသနာပါရင် လေ့လာချင်စိတ်ကလည်းအလိုလိုရှိလို့ လေ့လာနိုင်ရင် တိုးတက်ပြီး အခွင့်အလမ်းကောင်းတွေပါ ပိုင်ဆိုင်လာနိုင်မှာပါ။ အိမ်နဲ့ကတော့ နားလည်အောင်ရှင်းပြပြီး ပြောပြယူကြည့်ရင်အဆင်ပြေမှာပါ။

Q3: လမ်းထဲမှာ ခွေးလေခွေးလွင့်တွေကို အစာကျွေးတဲ့သူတွေ ရှိတော့ ခွေးလေခွေးလွင့်တွေ အရမ်းများပါတယ်။ ခွေးတွေကလည်း အစာကျွေးတဲ့အချိန်ဆို လုကြယက်ကြနဲ့ဆိုတော့ ပိုဆိုးပြီး အဲ့အချိန်ဖြတ်သွားမယ်ဆိုရင် အကိုက်ခံရမှာတောင် ကြောက်ရတယ်။ ဟိုတစ်နေ့ကလည်း ဒီတိုင်းလမ်းသွားတဲ့သူကို ခွေးက နောက်ကလိုက်ဆွဲလို့ အကိုက်ခံရသေးတယ်။ ခွေးမရှိအောင် ဘယ်လိုမှ လုပ်ဖို့ကလည်း မတက်နိုင်တော့ ခွေးကိုက်ခွံရရင် ဘာလိုတွေ လုပ်သင့်လဲဆိုတာကို တစ်ချက်လောက်ပြောပြပေးပါနော်။

A3: ခွေးကိုက်ခံရတယ်ဆိုရင် ဘယ်လိုခွေးမျိုးပဲကိုက်ကိုက် ဆေးခန်းသွားပြီး ခွေးရူးကာကွယ်ဆေးနဲ့ မေးခိုင်ကာကွယ်ဆေးစတဲ့ လိုအပ်တဲ့ကုသမှုတွေကို ခံယူရပါလိမ့်မယ်။ အခုဆိုရင် အရင်လို ခွေးရူးကာကွယ်ဆေးဟာ ချက်ပတ်လည်ဆေးတွေအများကြီးထိုးစရာမလိုတော့ပါဘူး။ လက်မောင်းကို ဆေးငါးလုံးထိုးဖို့ပဲ လိုအပ်ပြီးတော့ အစိုးရဆေးရုံတွေမှာလည်း ထိုးလို့ရပါတယ်။ အပြင်ဈေးအနေနဲ့ ဆေးတစ်လုံးကို ၁၅၀၀၀ကျပ်ကနေပြီး ၂၀၀၀၀ကျပ်လောက်အထိ ပေးရပြီးတော့ အစိုးရဆေးရုံတွေမှာတော့ အခမဲ့ထိုးလို့ရပါတယ်။ ဒီနေရာမှာတစ်ခုပြောချင်တာက အစိုးရဆေးရုံတွေမှာက တစ်ခါတလေ ဆေးကုန်နေတတ်တာမျိုးတွေနဲ့ အချိန်အကြာကြီးစောင့်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ ခွေးကိုက်ခံရရင် ခွေးကိုရိုက်သတ်လိုက်တာနဲ့ ခွေးရူးမဖြစ်တော့ဘူးဆိုတဲ့ အသိအမှားတွေ၊ နောက်ပြီး အိမ်မွေးခွေးအကိုက်ခံရရင် ခွေးရူးမဖြစ်နိုင်ဘူးဆိုတဲ့ သတင်းအချက်အလက်အမှားတွေကိုလည်း လက်ခံမိပြီး ဆေးမထိုးဖို့နဲ့ နေတာမျိုး လုံးဝမလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလောက်လုပ်ထားမယ်ဆိုရင် ခွေးကိုက်ရလို့ အသက်အန္တရာယ်ဖြစ်တာမျိုး ဖြစ်တော့မှာ မဟုတ်ပါဘူးနော်။

Q4: တက္ကသိုလ်ဝင်တန်းဖြေထားပြီး အောင်မြင်ရင် ဘာဆက်တက်ရမလဲဆိုတာကို ဘယ်လိုရွေးချယ်ရင် အကောင်းဆုံးဖြစ်မလဲ။ အမှတ်စာရင်းအရ ရွေးချယ်တာမျိုး မဟုတ်ဘဲ ဝါသနာပါတာကို ရွေးတက်ချင်ပေမယ် ဝါသနာပါတာက ဘာမှန်းမသိဖြစ်နေလို့ အကြံပေးပါဦးဆိုပြီး ဆယ်တန်းစာမေးပွဲဖြေထားတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က မေးမြန်းထားပါတယ်။

A4: ဝါသနာပါတာ ဘာမှန်းမသိတာ အခုနောက်ပိုင်း လူငယ်တိုင်း ကြုံတွေ့နေရတဲ့ ပြဿနာပါ။ အဲ့ဒီအတွက် စိတ်ဒုက္ခတော့ မဖြစ်ပါနဲ့လို့ ပြောချင်ပါတယ်။ ဝါသနာပါတာကို ရှာဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ ကိုယ်ဝါသနာပါတာတွေကို စာရွက်မှာ ချရေးလိုက်ပါ။ အဲဒီထဲက ကိုယ်ဝါသနာအပါဆုံးအရာကို ရွေးပြီး ကိုယ်နိုင်ငံမှာ ရှိရင်တက်ပါ။ မရှိဘူးဆိုရင်လည်း အွန်းလိုင်းကနေ စဉ်ဆက်မပြတ်လေ့လာပါ။ အကောင်းဆုံးကတော့ ဝါသနာပါတာကို ရှာဖွေနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ အထပ်ထပ်မေးပါ။ နောက်ဆုံးမှာ အဖြေတွေ့လာမှာတော့ အသအေချာပါပဲ။ စိတ်ဓာတ်မကျပါနဲ့လို့လည်း ထပ်မံအားပေးချင်ပါတယ်။

ဒီအပတ်အတွက်တော့ ဒီမေးခွန်းလေးတွေနဲ့ အဖြေလေးတွေကို စုစည်းဖော်ပြပေးထားတယ်ဆိုတော့ နောက်အပတ်မှာရော ဘယ်လိုမေးခွန်းလေးတွေ လာမေးပြီး ဆွေးနွေးတိုင်ပင်ကြမလဲ လာမေးထားတဲ့အထဲကနေ ကိုယ်သိချင်တဲ့ ဘယ်လိုအကြောင်းအရာလေးတွေပါမလဲဆိုတာကို စောင့်ဖတ်ကြည့်လို့ ရပါတယ်နော်။ စောင့်ဖတ်တာမျိုးချည်းပဲ မလုပ်ဘဲနဲ့ ကိုယ်သိချင်တဲ့ ဘယ်အကြောင်းအရာတွေပဲ ဖြစ်ဖြစ်၊ ဆွေးနွေးတိုင်ပင်ချင်တာရှိရင် Consultant လိုရော သူငယ်ချင်းလိုပါ ရှိနေပေးတဲ့ Comfort Zone လေးဆီကို လက်မတွန့်ဘဲ ကိုယ်တိုင်လာမေး ရင်ဖွင့်အဖြေရှာကြည့်လိုက်ပါတော့နော်။

H.H(Akhayar)

www.akhayar.com