အင်္ဂလန် – အင်္ဂလန်အသင်းက ကိုဆိုဗိုကို (၅-၃)နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ဆန်ချို Sancho ဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး သွင်းဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးတွေဟာ ဆန်ချို ရဲ့အင်္ဂလန်ကစားသမားဘ၀ ပထမဆုံးဂိုးတွေဖြစ်ခဲ့ပါတယ်။

မီယာမီ – နာမည်ကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ် David Beckham ဟာ သူ့ရဲ့မေဂျာလိဂ်ကလပ်အသင်းသစ် မီယာမီမှာ လာကစားဖို့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ Messi ကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ မက်ဆီ ဟာ အခုနောက်ပိုင်းနှစ်တွေမှာ ဘောလုံးရာသီတစ်ခုကုန်ဆုံးတိုင်း သူ့စိတ်ဆန္ဒရှိရင် အသင်းနေ ထွက်ခွာခွင့်ရှိနေသူဖြစ်ပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ထပ်ကမ်းလှမ်းမှုတစ်ခုမလာခင် တောင်ပံတိုက်စစ်ကစားသမား ဆာနေး Sane ကို စာချုပ်သစ်ချုပ်ဆိုရန် စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဆာနေး ဟာ ဒဏ်ရာပြဿနာကြောင့် အနားယူနေရပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေမှာ ဗလင်စီယာအသင်းရဲ့ စပိန်ဘယ်နောက်ခံလူ ဂါယာ Gaya ကို ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဂါယာ ဟာ ဗလင်စီယာအသင်းမှာ ရာသီတိုင်းလိုလို ခြေစွမ်းပြနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

မန်စီးတီး – မန်စီးတီး ကွင်းလယ်ကစားသမား ဒီဘရိုင်းနား De Bruyne ဟာ အသင်းဖော်ဟောင်း ကွန်ပနီ Kompany ကို တစ်နေ့မှာသူ့အတွက် အန်ဒါလက်ခ်ျအသင်းမှာ ကစားပေးမယ်ဆိုပြီး ကတိပေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒီဘရိုင်းနား ဟာ နိုင်ငံ ၊ ကလပ် (၂)သင်းလုံးနဲ့ ခြေစွမ်းပြနေပါတယ်။

စပါး – စပါးကွင်းလယ်ကစားသမား လိုဆယ်ဆို Lo Celso ဟာ တင်ပါးဒဏ်ရာကြောင့် (၆)ပတ်ခန့်အနားယူရဖို့ ရှိတယ်လို့ သိရပါတယ်။ လိုဆယ်ဆို ဟာ လက်ရှိအချိန်ထိ စပါးအသင်းအတွက် (၃)ပွဲကစားပေးထားပါတယ်။

အာဂျင်တီးနား – မက္ကဆီကိုအသင်းကို (၄-၀)နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး မာတီနက်ဇ် Martinez ဟာ ပျော်ရွှင်နေပြီး စိတ်လည်းလှုပ်ရှားနေတယ်လို့ သိရပါတယ်။ မာတီနက်ဇ် ဟာ အာဂျင်တီးနားအသင်းအတွက် နောက်ဆုံး(၉)ပွဲမှာ (၈)ဂိုးထိသွင်းယူထားပြီး လက်ရှိအချိန်ထိ ပွဲပေါင်း(၁၃)ပွဲကစား (၉)ဂိုးသွင်းယူထားပါတယ်။

PSG – PSG နဲ့ ဘာစီလိုနာအသင်းတို့ဟာ နေမာ Neymar ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတုန်းပဲလို့ သိရပါတယ်။ နေမာ ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့လိုခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ် – အာဆင်နယ်နောက်ခံလူဟောင်း ဆန်းဒရို့စ် Senderos ဟာ ဆွစ်ဇာလန်ဒုတိယတန်းကလပ် Chiasso အသင်းကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ ဆန်းဒရို့စ် ဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာအပြီးမှာ ကစားသမားဘ၀ကို ကလပ်အသင်းတော်တော်များများနဲ့ ဖြတ်သန်းနေသူဖြစ်ပါတယ်။

ပြင်သစ် – ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာတော့ ပြင်သစ်အသင်းက အန်ဒိုရာအသင်းကို (၃-၀)နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပြင်သစ်အသင်းအတွက် ဂိုးတွေကိုတော့ ကိုးမန်း Coman ၊ လန်ဂလတ် Lenglet နဲ့ ဘင်ယက်ဘ်ဒါ Ben Yedder တို့က သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , Merto , Sportskeeda
Photo: Southern Daily Echo
Ko Kyue(Akhayar)
www.akhayar.com