ချန်ပီယံလိဂ် – လီဗာပူးလ်အသင်းနဲ့ စပါးအသင်းတို့ ကစားမယ့် ချန်ပီယံလိဂ် All English Final ပွဲစဉ်ကို ဆလိုဗေးနီးယားလူမျိုး ကွင်းလယ်ဒိုင် ဒါမီယာစကိုမီနာ Damir Skomina က တာဝန်ယူကိုင်တွယ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါမီယာစကိုမီနာ ဟာ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်(၅)ပွဲကို တာဝန်ယူကိုင်တွယ်ဖူးပြီး အဲဒီ(၅)ပွဲမှာ လီဗာပူးလ်အသင်းဟာ (၁)ပွဲသာ အနိုင်ရရှိခဲ့ပြီး (၄)ပွဲထိရှုံးနိမ့်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား ဆာနေး Sane ကိုခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဆာနေး ဟာ ဒီရာသီမှာ မန်စီးတီးအသင်းမှာ အရန်ကစားသမားအဖြစ်သာ အချိန်အများစုကို ဖြတ်သန်းခဲ့ရသူဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဆာနေး ဟာ မန်စီးတီးအသင်းအတွက် ပွဲပေါင်း(၄၅)ပွဲကစား (၁၆)ဂိုးသွင်းယူထားပါတယ်။

ဆဲလ်တစ် – ၀က်စ်ဟမ်းအသင်းနည်းပြဟောင်း ဘီလစ် Bilic ဟာ ဆဲလ်တစ်နည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ၀က်စ်ဟမ်းအသင်းကနေ ထွက်ခွာအပြီးမှာ ဘီလစ် ဟာ ဆော်ဒီအာရေဗျကလပ် Al-Ittihad ကိုတာဝန်ယူ ကိုင်တွယ်ခဲ့ပြီး လက်ရှိမှာတော့ အသင်းလက်မဲ့ ဖြစ်နေသူဖြစ်ပါတယ်။

အေဂျက်စ် – ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အေဂျက်စ်အသင်းနည်းပြ အဲရစ်တန်ဟန် Erik ten Hag ဟာ အေဂျက်စ်အသင်းမှာပဲ ဆက်နေသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ အဲရစ်တန်ဟန် ဟာ ဒီရာသီမှာ အေဂျက်စ်အသင်းကို ပြည်တွင်းပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရှာဖွေပေးခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်း – စပို့တင်းလစ္စဘွန်းအသင်းဟာ အက်သလက်တီကို တိုက်စစ်မှူး ဗီယက်တို Vietto ကို ယူရို(၇.၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဗီယက်တို ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဖူလ်ဟမ်အသင်းမှာ အငှားနဲ့သွားရောက်ကစားခဲ့သူဖြစ်ပါတယ်။

Ref: BBC Sports , Ronaldo.com , Sportskeeda , The Sun
Photo: Goal.com , The Independent , Metro , Carrick Herald
Ko Kyue(Akhayar)
www.akhayar.com