Avengers: Endgame (2019) ရုံတင်တာလည်း သုံးပတ်လောက်ရှိသွားပြီ။ ရလိုက်တဲ့ပိုက်ဆံတွေဆိုတာလည်း သောက်သောက်လဲပါပဲ။ ဘယ်နားတွေသွားထားကြမလဲတော့မသိပါဘူး။ အရင်ဆုံးပြောလိုက်မယ်နော်။ ဒီဆောင်းပါးမှာ Spoiler ပါတာကြောင့်မို့လို့ Endgame ကို မကြည့်ရသေးဘူးဆိုရင် မဖတ်ကြပါနဲ့။

ဒီတော့ Loki အကြောင်းပြောရအောင်။ Loki ကိုချစ်တယ် ၊ ဒါကြောင့် Loki သေသွားတဲ့အတွက် အရမ်းလည်းဝမ်းနည်းရတယ်။ သူ့ဇာတ်ကောင်ကို နောက်ထပ်မြင်ချင်သေးတယ်။ ဟုတ်ပါတယ်။ Infinity War (2018) အပြီးမှာ God of Mischief and Hair Gel (ဆံပင်ကိုကြည့်ကြည့်ပါလား Gel ကောင်းကောင်းသုံးမှန်းသေချာတယ်) Loki တစ်ယောက် တကယ်သေသွားပြီလို့လက်ခံလိုက်ကြတယ်။ ဒါပေမယ့် Loki သေသွားတာ ဟုတ်ရောဟုတ်ရဲ့လား။ အကြောင်းတစ်ခုခုကြောင့် အသက်ရှင်နေဦးမလား။

Avengers: Endgame မှာ Loki ပြန်ပါလာပြီးနောက်ပိုင်း ဒီလိုသံသယစိတ်တွေကိုပိုပြီးတော့ ပြင်းထန်လာစေပါတယ်။ ကြည့်ပြီးရင်တောင် မေ့နေမှာစိုးလို့ ပြန်ပြောလိုက်ဦးမယ်။ ကမ္ဘာကြီးကိုကယ်ဖို့ အသက်ရှင်ကျန်နေသေးတဲ့ Hero တွေက Time Travel တွေဘာတွေလုပ်တဲ့အချိန်မှာ Iron Man နဲ့ Ant-Man နှစ်ယောက်သား Space Stone ကို ပြန်ယူဖို့ 2012 ခုနှစ်ရဲ့ New York မြို့ကိုပြန်သွားခဲ့ကြတယ်။ အဲဒီအချိန်တုန်းက Loki က New York မှာ သောင်းကျန်းနေတာလေ။ ကဲပါ….ဘယ်လိုနေနေ Iron-Man နဲ့ Ant-Man က Space Stone ကိုရခါနီးလေးဖြစ်နေချိန်မှာ Hulk တစ်ယောက်ဂြိုဟ်မွှေလို့ Loki က Space Stone နဲ့ ထွက်ပြေးသွားတယ်ပေါ့။

Space Stone ရဲ့အစွမ်းနဲ့ပျောက်သွားတဲ့ Loki တစ်ယောက် ဘယ်များရောက်သွားတာလဲ။ ဇာတ်ကားထဲမှာလည်း လုံးဝပြန်ပေါ်မလာခဲ့ဘူး။ ထာဝရပျောက်ဆုံးသွားတယ်။ ဒီတော့ဘာဖြစ်သွားတာလဲ။ Loki က တစ်နေရာရာမှာ ရှိနေသေးတာလား။ အင်း……ဒီလိုမေးခွန်းတွေကို ရုပ်ရှင်ဒါရိုက်တာတွေဖြစ်တဲ့ Joe နဲ့ Anthony Russo တို့က အဖြေပေးခဲ့ပါတယ်။ Business Insider မှာ ဒီဇာတ်ဝင်ခန်းနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။ ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေက မှန်ပါတယ်တဲ့။

Space Stone နဲ့ အဝေးတစ်နေရာကို Teleport လုပ်သွားချိန်မှာ သူ့ရဲ့ ကိုယ်ပိုင် Timeline တစ်ခုကိုဖြစ်တီးလိုက်တယ်လို့ Joe ကပြောခဲ့ပါတယ်။ အဲဒါကအရမ်းကိုရှုပ်ထွေးလို့ Loki ကို မတွေ့မချင်း Timeline ကို ပြန်ပြင်ဖို့က မဖြစ်နိုင်ပါဘူးတဲ့။ Loki က Space Stone ကို ယူလိုက်တည်းကိုက Reality အခွဲတစ်ခုကို ဖန်တီးပြီးသားဖြစ်သွားတယ်။ ကျွန်တော်တို့တွေက Multiverse တွေနဲ့ Reality အခွဲတွေဆိုတဲ့ အတွေးအခေါ်ကို လုပ်နေတာ ၊ ဒီတော့ Reality တွေ အများကြီးရှိနေတယ်လို့လည်း Anthony က ထပ်ပြောခဲ့ပါသေးတယ်။

ဒီတော့ ကျေနပ်ပြီလား။ Loki က အသက်ရှင်နေသေးပြီး နောက်ထပ် Timeline တစ်ခုမှာ အသက်ရှင်နေပါတယ်တဲ့နော်။ ဒီတော့ Loki အတွက် Timeline အသစ်တွေမှာ ဇာတ်ကားအသစ်တွေဖန်တီးပေးပါစေလို့ပဲ မျှော်လင့်ပါတယ်။ Loki ရဲ့ ပရိသတ်တွေအကုန်လုံးလည်း ဝမ်းသာသွားလောက်ပြီထင်ပါတယ်။ ဟုတ်တယ်မလား။

Photo Credit: https://lrmonline.com

Ref: www.buzzfeed.com

Piki(Akhayar)

www.akhayar.com