ဒီနေ့ညနေ(၃း၃၀)နာရီမှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မွန်ဂိုလီးယား – မြန်မာပွဲရှိနေပါတယ်။ ဒီပွဲစဉ်ဟာ မြန်မာအသင်းအတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့် ရလဒ်ကောင်းရယူနိုင်မလားဆိုတာ စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်။

မွန်ဂိုလီးယား – မြန်မာ ( ကြာသပတေးညနေ ၃း၃၀ နာရီ )

(၂)သင်းလုံးအတွက် အမှားခံလို့ မရဘဲ အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ဖြစ်တာကြောင့်လည်း ရမှတ်(၁)မှတ်က အစ တကယ့်ကို အရေးပါပါတယ်။ မွန်ဂိုလီးယားအသင်းရဲ့ လက်ရှိခြေစွမ်းကိုကြည့်ရင်တော့ အားရစရာမကောင်းဘဲ နောက်ဆုံးကစားထားတဲ့ (၅)ပွဲမှာ (၁)ပွဲသာ နိုင်ထားပြီး (၄)ပွဲထိရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့် မွန်ဂိုလီးယားအသင်းက အိမ်ကွင်းခြေစွမ်းမာကျောပြီး နောက်ဆုံးကစားထားတဲ့ အိမ်ကွင်းပွဲစဉ်(၆)ပွဲမှာ (၃)ပွဲနိုင် ၊ (၁)ပွဲသရေ ၊ (၂)ပွဲရှုံးရလဒ်ရရှိထားပါတယ်။ ဒါအပြင့် မွန်ဂိုလီးယားအသင်း ဟာ ၂၀၁၁ ခုနှစ်တုန်းက သူ့ရဲ့အိမ်ကွင်းမှာ မြန်မာအသင်းကို (၁-၀)နဲ့ အနိုင်ရရှိထားတာကြောင့် ဒီပွဲမှာတော့ မြန်မာအသင်းအနေနဲ့ သတိကြီးကြီးထားကစားဖို့ လိုပါတယ်။

မြန်မာအသင်းကတော့ နည်းပြသစ် မီရိုဒရပ် ရာဂျူလိုဗစ် လက်ထက်မှာ ခြေစွမ်းပိုင်းတိုးတက်လာခဲ့ပြီး လက်ရှိအသင်းရဲ့ လူစာရင်းမှာ လူကြီး ၊ လူငယ် အချိုးကျရွေးချယ်ထားတာကို လည်းတွေ့ရပါတယ်။ လက်ရှိမြန်မာအသင်းရဲ့ စုဖွဲမှုအနေအထားက အားရစရာမှာရှိနေပြီး နောက်ဆုံးကစားထားတဲ့ (၅)ပွဲမှာတော့ (၁)ပွဲနိုင် ၊ (၂)ပွဲသရေ ၊ (၂)ပွဲရှုံးရလဒ်ရရှိထားပါတယ်။ မွန်ဂိုလီးယားနဲ့ ပွဲပြီးရင် မြန်မာအသင်းဟာ အိမ်ကွင်းမှာ ဂျပန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဒီပွဲမှာ ရမှတ်(၃)မှတ်ယူထားနိုင်မှာ တော်ရုံကျမယ့် အနေအထားပါ။ လတ်တလောအနေအထားမှာတော့ မြန်မာအသင်းဟာ ဒီပွဲအတွက် စိတ်ဓာတ်ပိုင်းမြင့်တက်နေသလို မွန်ဂိုလီးယားအသင်းထက်လည်း ခြေစွမ်းပိုင်းပိုသာနေတာကြောင့် အနိုင်ရလဒ်အတွက်တော့ မြန်မာအသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။ ဒါပေမယ့် ဂိုးပြတ်ဖို့တော့ မရှိဘဲ မွန်ဂိုလီးယား (၁-၂) မြန်မာ ရလဒ်မျိုး အကြိုက်တွေ့မိပါတယ်။

Photo: AFF Suzuki Cup Twitter , Asian Football Confederation
Ko Kyue(Akhayar)
www.akhayar.com