လူတစ်ယောက်နဲ့တစ်ယောက်က အပြုအမူတွေရော ၊ အကျင့်စရိုက်တွေရော ၊ စိတ်နေစိတ်ထားတွေရော အကုန်ကွဲပြားကြပါတယ်။ အသွင်တူမှအိမ်သူဖြစ်တယ်လို့ ပြောကြပေမယ့်လည်း သမီးရည်းစား ၊ ဇနီးမောင်နှံတွေမှာလည်း မတူညီတဲ့အရာတွေ တောင်လိုပုံနေအောင်ရှိကြပါတယ်။ အထူးသဖြင့် ဒီလိုမတူညီတဲ့အကျင့်စရိုက်လေးတွေက ကိုယ့်ရည်းစားမနှစ်သက်တဲ့ ၊ မဟုတ်ရင်လည်း ကိုယ်မနှစ်သက်တဲ့ အကျင့်စရိုက်တွေဖြစ်နေခဲ့မယ်ဆိုရင် နောက်ပိုင်းမှာ နှစ်ယောက်သားကြားဆက်ဆံရေးတင်းမာမှုတွေ ဖြစ်လာနိုင်ပါတယ်။

ဥပမာပြောရရင် ကိုယ်ကရေချိုးရင်အမြဲတမ်း ဆပ်ပြာဗူးအဖုံးကိုပြန်ပိတ်တယ်ပေါ့။ ဒါကကိုယ့်ရဲ့အကျင့်ဖြစ်ပြီး ပြင်လို့လည်းမရဘူး။ ဆပ်ပြာဗူးဖုံးကျွတ်နေတာတွေ ၊ ပျောက်နေတာတွေဖြစ်ရင် စိတ်ထဲမှာ နေလို့ထင်လို့ကအဆင်ကိုမပြေဘူးပေါ့။ ဒါပေမယ့်ကိုယ့်ရည်းစားကကျတော့ ရေချိုးတိုင်းဆပ်ပြာဗူးအဖုံးကို ဘယ်သောအခါမှပြန်မပိတ်ဘူး။ ကိုယ်ကလည်းရည်းစားဖြစ်နေတော့ ဘယ်မှမပြောဘဲ လျစ်လျူရှုထားလိုက်တယ်ပေါ့။ ဒါပေမယ့်တစ်နေ့တော့သူနဲ့ကိုယ်နဲ့ရန်ဖြစ်ကြတယ်။ သူကကိုယ့်ကိုစိတ်ဆိုးပြီး စကားတွေစပြောလာချိန်မှာ ကိုယ့်မျက်လုံးထဲ ဒီဆပ်ပြာဗူးဖုံးကိုပဲ မြင်နေတယ်။ နောက်တော့ကိုယ်လည်း ဆပ်ပြာဗူးဖုံးကနေစပြီး တခြားမကျေနပ်တဲ့ပိစိပွစိလေးတွေအကုန် ခေါင်းထဲပေါ်လာပြီး ပြန်ပြောမိရော။ နောက်ဆုံးရန်ဖြစ်ရာကနေ နှစ်ယောက်ထဲကတစ်ယောက်က လမ်းခွဲစကားပြောလာတဲ့အထိ ဖြစ်သွားတယ်ပေါ့။

ကိုယ့်ချစ်သူဖြစ်လို့ဆိုပြီး ကိုယ်မကြိုက်တဲ့အချက်တွေကို လျစ်လျူရှုတိုင်းလည်းမကောင်းပါဘူး။ ကိုယ့်ချစ်သူကို မပြောင်းလဲသင့်ဘူး။ အရှိကိုအရှိတိုင်းလက်ခံရမယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့်သူ့ကိုကိုယ်ကလိုက်ပြောင်းနေစရာမလိုပါဘူး။ သူ့ဟာသူပြောင်းလဲလာအောင်လို့ ကိုယ်ကတွန်းအားပေးလိုက်ရုံနဲ့ဖြစ်ပါတယ်။ ဒါဆိုဘယ်လိုလုပ်ကြမလဲ။

ဘာလို့မပြောင်းလဲချင်တာလဲဆိုတာကို နားလည်အောင်အရင်လုပ်ပါ

ကိုယ့်ရဲ့ရည်းစားက ညတိုင်းလိုလို ဘားတွေသွားရတာကို သဘောကျတယ်။ တစ်ခါတစ်လေ အရမ်းသောက်ပြီး ကိုယ့်ကိုယ်ကိုယ်မထိန်းနိုင်တာတွေရှိတယ်။ အဲဒီလိုအကျင့်ကို ကိုယ်ကမကြိုက်ဘူးပေါ့။ ဒါပေမယ့်နင်အဲဒီလိုအမြဲလုပ်နေတာမကောင်းဘူး။ ဒီအကျင့်ဆိုးကြီးကို ဘာလို့မပြင်နိုင်ရတာလဲလို့ သွားပြောမယ့်အစား သူဘာဖြစ်လို့ဒီလိုတွေလုပ်နေတယ်ဆိုတာကို သိအောင်လုပ်ကြည့်ပါ။ ဘယ်လိုပြောရမလဲ ။ အဲဒီလိုမလုပ်နဲ့လို့ပြောမယ့်အစား ဘာလို့ဒီလိုလုပ်တာလဲဟင် ၊ စိတ်တွေရှုပ်နေလို့လား ၊ အပန်းဖြေချင်လို့လားဆိုပြီး နားလည်ပေးနိုင်တဲ့အနေအထားမျိုးနဲ့ မေးကြည့်လိုက်ပါ။

ပြန်ထောက်ပြပြီးမှ အကြံဥာဏ်ပေးပါ

ကိုယ်ကသူ့ကိုဘာလို့ဒီလိုအကျင့်တွေနဲ့ နေနေတာလဲလို့ မေးလိုက်နိုင်ရင် သူလည်းအချိန်အတိုင်းအတာတစ်ခုရောက်ရင်တော့ ကိုယ့်ကိုအကြောင်းရင်းမှန်ကိုထုတ်ပြောလာပါလိမ့်မယ်။ ဒီလိုဆိုရင်ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို သူ့ကိုအကြံပေးလို့ရပြီပေါ့။ ဒါပေမယ့်အကြံပေးတဲ့အခါမှာ ဒီတိုင်းကြီး ဒီလိုလုပ်လိုက်ရင်အဆင်ပြေသွားမှာလို့မပြောလိုက်ပါသေးနဲ့ဦး။ သူပြောပြတဲ့အကြောင်းရင်းကိုပဲ သူ့ကိုအရင်ပြန်ပြောပြီး ဒီအကြောင်းရင်းကြောင့်ဒီလိုဖြစ်နေတာလေ ဟုတ်တယ်မလား။ ဒါကြောင့်ဒီလိုလုပ်သင့်တယ်ဆိုပြီး အကြံပေးတာက သူ့နားထဲပိုဝင်တယ်။ ဘာလို့လဲဆိုတော့သူကိုယ်တိုင်ပြောခဲ့တဲ့စကားကိုပဲ ကိုယ်ကပြန်ထောင်ပြပြီးပြောနေတာမို့လို့ ဝေဖန်သလိုလည်းမဖြစ်တော့ဘူးပေါ့။

ကိုယ်ပြောင်းလဲစေချင်တာကို ကိုယ်ကိုယ်တိုင်နမူနာနေပြပါ

အကျင့်ဆိုးတစ်ခုကိုပြောင်းချင်တယ်ဆိုရင် အကြံဥာဏ်ပေးတာနဲ့ မလုံလောက်ပါဘူး။ ကိုယ်ပြောင်းစေချင်တယ်ဆိုတဲ့အကျင့်ကို ကိုယ်ကိုယ်တိုင်ကသူမြင်နိုင်အောင် လုပ်ပြရမယ်။ အဲဒီလိုလုပ်ပြတာက ဘာလို့ကောင်းတာလဲဆိုတော့ သူကဝေဖန်နေတာမဟုတ်ပဲ ၊ သရုပ်ဖော်ပြတာဖြစ်လို့ ပြီးတော့ဒီလိုလုပ်ပြတာက မကောင်းတဲ့ဖက်ကိုမရောက်ဘူး။ ကိုယ်တောင်လုပ်နိုင်တာမို့လို့ သူလည်းလုပ်နိုင်မှာပဲဆိုတဲ့ စိတ်မျိုးတောင်ဝင်စေနိုင်တာမို့လို့ဖြစ်တယ်။ ဥပမာပြောရရင် ကိုယ့်ချစ်သူကို ပိုပြီးခရီးထွက်စေချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ခရီးတွေထွက်ပြပြီး ခရီးသွားတာဘာလို့ပျော်ဖို့ကောင်းတယ်ဆိုကို မြင်အောင်ပြတာမျိုးပေါ့။

ကိုယ်ကိုယ်တိုင်ကလည်း ပြောင်းလဲမှုကိုလက်ခံပါ

ပြောင်းလဲဖို့လိုတဲ့လူတစ်ယောက်အတွက် တခြားသူတစ်ယောက်ကပြောင်းလဲတာကို မြင်ရတာကပိုပြီးတော့အားတက်စေပါတယ်။ ကိုယ့်မှာလည်းကိုယ့်ရည်းစားမကြိုက်တဲ့အကျင့်ဆိုးတစ်ခုရှိနေတယ်ဆိုရင် ဒီအကျင့်ဆိုးကိုပြောင်းလဲဖို့ အားထုတ်ပါ။ ကိုယ်ကသူမကြိုက်တာကို ပြောင်းလဲဖို့အားထုတ်နေတယ်ဆိုတာကိုသူမြင်တဲ့အခါ သူလည်းကိုယ့်အတွက်ပြောင်းလဲပေးချင်စိတ်ပေါ်လာပါလိမ့်မယ်။

လူတစ်ယောက်ကိုပြောင်းလဲလို့မရဘူးဆိုတာမှန်ပါတယ်။ ဒါပေမယ့်သူတို့ပြောင်းလဲလာအောင် ကိုယ်ကအတုယူစရာအဖြစ် စံနမူနာဖြစ်ပေးလို့ရပါတယ်။ ပြီးတော့ချစ်သူဖြစ်တယ်ဆိုတာနဲ့ပဲ အားလုံးကိုလက်ခံစရာမလိုပါဘူး။ ဘယ်သူမဆိုမှန်ကန်သင့်တော်တဲ့အရာကို ရွေးချယ်ရမှာပါပဲလေ။

Piki (Akhayar)

www.akhayar.com

Ref: www.psychologytoday.com