မေလ ၂၂ရက်နေ့ည (တနင်္လာနေ့) မန်ချက်စတာမြို့ (Manchester) မှာ ပြုလုပ်ခဲ့တဲ့ Ariana Grande ရှိုးပွဲမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်ဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။ လူ ၂၂ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ၆၄ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ အသေခံဗုံးဖောက်ခွဲသူကတော့ ၂၂အရွယ်ရှိ အင်္ဂလန်နိုင်ငံမှာမွေးတဲ့ လစ်ဗျားလူမျိုး ဆယ်လ်မန် အက်ဘက်ဒီ (Salman Abedi) ဖြစ်ပါတယ်။ သေဆုံးသူတွေ ဒဏ်ရာရသူတွေအများစုကတော့ ဆယ်ကျော်သက်တွေနဲ့ အဖော်လိုက်ပေးတဲ့ အုပ်ထိန်းသူတွေပါ။ ဒီပေါက်ကွဲမှုဟာ ၂ဝ၁၅ခုနှစ် ဇူလိုင်လ၇ရက်နေ့မှာ ၅၆ယောက်သေကြေခဲ့တဲ့ လန်ဒန်မြေအောက်ဗုံးကွဲမှုအပြီးမှာ အဆိုးဝါးဆုံးဖြစ်ခဲ့ပါတယ်။ မန်ချက်စတာမြို့ကဇာတ်ရုံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဟာ ကမ္ဘာတစ်လွှားမှာ ပူဆွေးငိုယိုမှုတွေအတိဖြစ်နေခဲ့ပြီး အကြမ်းဖက်မှုတွေကို ဝေဖန်ရှုံ့ချသူတွေလည်း များလာခဲ့ပါတယ်။

Rooney-Speech

You May Like : မန်ချက်စတာဗုံးပေါက်ကွဲမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်မီးများထွန်းညှိ

မန်ချက်စတာမြို့မှာ ဆယ်စုနှစ်ကျော်နေထိုင်ခဲ့တဲ့ မန်ယူတိုက်စစ်မှူးကြီး ဝိန်းရွန်းနီ (Wayne Rooney) ဟာ Ariana Grande ရှိုးပွဲမှာ ထိခိုက်နာကျင်ခဲ့ရတဲ့သူတွေကို ကူညီဖို့ သူ့ရဲ့ကိုယ်ပိုင်ဖောင်ဒေးရှင်းဖြစ်တဲ့ The Wayne Rooney Foundation ကို စတာလင်ပေါင် ၁သိန်း (၁ဝဝ,ဝဝဝ) ကို လှူဒါန်းခဲ့ပါတယ်။ ပြီးတော့လည်း ဖောင်ဒေးရှင်းဝက်ဘ်ဆိုက်စာမျက်နှာမှာ “ဘဝမှာ မမျှော်လင့်ဘဲနဲ့ အသက်ဆုံးခဲ့ရတဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ တနင်္လာနေ့ညကတော့ ဒီလိုဖြစ်ရပ်တစ်ခုပါပဲ။ ညထွက်တတ်တဲ့ ဆယ်ကျော်သက်လေးတွေ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ တွေ့ကြုံခဲ့ရတော့ ဖခင်တစ်ယောက်အနေနဲ့ ခံစားပြီး ထိတ်လန့်မိပါတယ်။ တက်နိုင်သလောက် ပေးလှူကြပါ” လို့ရေးသားထားပါတယ်။

Rooney-Foundation

မန်ချက်စတာမြို့မှာ နှစ်ရှည်လများ နေထိုင်ခဲ့ဖူးတဲ့ မန်ယူကစားသမားဟောင်း ဖီးလ်နဗီးလ် (Phil Neville) ဟာလည်း မန်ချက်စတာတော်ဝင်ကလေးဆေးရုံ (Royal Manchester Children’s Hospital) မှာ ကုသမှုခံယူနေတဲ့ လူနာတွေနဲ့ ဝန်ထမ်းတွေကို အစားအသောက်ပေးလှူခဲ့ပါသေးတယ်။ လှူဒါန်းလိုတဲ့ လူကြီးမင်းတွေအနေနဲ့ BT.com/Rooney လင့်ခ်ကနေ လှူဒါန်းနိုင်သလို ဖုန်းနံပါတ် 70800 ကို “CityUnited” လို့ ရိုက်ထည့်ပြီး ၅ပေါင်နှုန်းနဲ့ လှူဒါန်းနိုင်ပါတယ်။ မန်ယူတိုက်စစ်မှူးကြီး ဝိန်းရွန်းနီနဲ့ ကစားဖော်ဟောင်း ဖီးလ်နဗီးလ်ရဲ့စိတ်ဓာတ်ကို လေးစားရင် Comment မှာ တစ်ခုခုပြောခဲ့ပါလား။

ကျော်စိုးအောင် (အခရာ)

www.akhayar.com