ဝက်ဖို့ဒ်နဲ့ ၀ုလ်ဗ်တို့ရဲ့ FA ဖလားဆီမီးဖိုင်နယ်ပွဲမှာတော့ ၀က်ဖို့ဒ်အသင်းဟာ တောင်ပံကစားသမား ဒယ်လိုဖူ Gerard Deulofeu ခြေစွမ်းပြမှုနဲ့အတူ ဗိုလ်လုပွဲတက်ခွင့် ပိုင်ဆိုင်ခဲ့ပါတယ်။ ၀ုလ်ဗ်အသင်းဟာ ဗိုလ်လုပွဲတက်ဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိခဲ့ပေမယ့် ၀က်ဖို့ဒ်အသင်းရဲ့ မထင်မှတ်တဲ့ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဆီမီးဖိုင်နယ်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ ဒီပွဲမှာ ၀ုလ်ဗ်အသင်းနည်းပြ ဆန်တို Nuno Espirito Santo ရဲ့ ပွဲပေါ်ချဉ်းကပ်မှုက အလုပ်ဖြစ်ခဲ့ပြီး တိုက်စစ်ဖွင့်ကစားလာဖို့ ရှိနေတဲ့ ၀က်ဖို့ဒ်အသင်းကို တန်ပြန်တိုက်စစ်တွေနဲ့ တုံ့ပြန်ဖို့ ပြင်ဆင်ခဲ့သလို ၀က်ဖို့ဒ်အသင်းကလည်း ပွဲကစားချိန်အတွင်း ဆန်တို ခန့်မှန်းခဲ့တာကြောင့် ၀ုလ်ဗ်အသင်း အကြိုက်ဖြစ်ခဲ့တယ်။ ၀က်ဖို့ဒ်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ၀ုလ်ဗ်အသင်းက ခံစစ်မှာ အမှားမရှိခဲ့လို့ အပိုင်ဂိုးသွင်းခွင့်တော့ မရခဲ့ဘူး။

ဝုလ်ဗ်အသင်းမှာ အလုပ်ဖြစ်နေတဲ့ အတွဲအဖက်ဖြစ်တဲ့ ဂျိုတာ Diogo Jota ၊ ဟီမင်နက်ဇ် Raul Jimenez ၊ နီဗက်စ် Ruben Neves ၊ မော်တင်ဟို Joao Moutinho တို့ရဲ့ တွဲလုံးတွေနဲ့ တန်ပြန်တိုက်စစ်ကို ပြန်စတင်ခဲ့တယ်။ ဒါကြောင့်ပဲ ပွဲချိန်(၃၆)မိနစ်မှာ ဂျိုတာရဲ့ ဖြတ်တင်ဘောကနေ ဒိုဟာတီ Matt Doherty က ခေါင်းတိုက်ပြီး ၀ုလ်ဗ်အတွက် ဦးဆောင်ဂိုးသွင်းခဲ့တယ်။ (၆၂)မိနစ်မှာ ဒိုဟာတီရဲ့ ပေးပို့မှုကနေတစ်ဆင့် အခုနောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဟီမင်နက်ဇ်က မြေမကျကန်သွင်းပြီး ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ ဒါဟာ ၀ုလ်ဗ်တို့ ဗိုလ်လုပွဲတက်ဖို့ လုံလောက်တဲ့အနေအထားဖြစ်ပေမယ့် (၆၆)မိနစ်မှာ ဒယ်လိုဖူ လူစားဝင်ကစားခဲ့တာက ၀ုလ်ဗ်တို့ရဲ့ အိပ်မက်တွေ ကျိုးပြတ်သွားဖို့ ဖြစ်ခဲ့ရတယ်။ (၇၉)မိနစ်မှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အနေအထားကနေ ဒယ်လိုဖူက ချေပဂိုး သွင်းယူခဲ့ပြီး ပယ်နယ်တီဧရိယာဘယ်ခြမ်းကနေ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးက ဂိုးထဲကို ၀င်သွားခဲ့တာပါ။ ချေပဂိုးရခဲ့လို့ ၀က်ဖို့ဒ် စိတ်ဓာတ်တက်သွားပြီး ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ပယ်နယ်တီကနေ ဒီးနီ Troy Deeney က အမှားအယွင်းမရှိ ဒုတိယချေပဂိုး သွင်းခဲ့တယ်။ ဆန်တိုရဲ့ အမှားကတော့ Plan B မရှိတာပဲဖြစ်ပြီး မထင်မှတ်ဘဲ ချေပဂိုးပြန်ပေးရတဲ့အချိန်မှာ ဘာလုပ်လို့ လုပ်ရမှန်းမသိတော့တာပါပဲ။ မိနစ်(၉၀)ပြည့်လို့ အနိုင်အရှုံး အဖြေမပေါ်လို့ အချိန်ပိုဆက်ကစားခဲ့ရပြီး (၁၀၄)မှာ ဒယ်လိုဖူကပဲ အနိုင်ဂိုးသွင်းယူခဲ့တယ်။ လက်ကျန်မိနစ်တွေမှာ ၀ုလ်ဗ် တိုက်စစ်တင်ကစားခဲ့ပြီး အခွင့်အရေးတချို့ရပေမယ့်လည်း အသုံးမချနိုင်တာကြောင့် ဗိုလ်လုပွဲတက်ခွင့် လက်လွှတ်ခဲ့ရပါတယ်။ ၀က်ဖို့ဒ်အသင်းကတော့ ၁၉၈၄ ခုနှစ်နောက်ပိုင်း FA ဖလား ဗိုလ်လုပွဲကို ပထမဆုံးပြန်တက်ခဲ့တာဖြစ်ပြီး ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ မန်စီးတီးနဲ့ ဆုံတွေ့ရတော့မှာပါ . .

Photo:Twitter
Naing Linn(Akhayar)
www.akhayar.com