ကိုယ့်မိတ်ဆွေသူငယ်ချင်းထဲကပဲဖြစ်ဖြစ်   ကိုယ့်မိသားစုဝင်ထဲကပဲဖြစ်ဖြစ် ကလေးမီးဖွားတယ်ဆိုလို့ရှိရင်  သူတို့ကို သွားတွေ့ပြီး ကလေးလေးကို ကြည့်ကြပါတယ်။ ဒီလို ကလေးသတင်းသွားမေးတဲ့ အချိန်မျိုးမှာ သတိထားသင့်တဲ့အချက်လေးတွေရှိပါသေးတယ်နော်။့ မီးနေသည်နဲ့ကလေးလေးအတွက် အနှောင့်အယှက်မဖြစ်စေဖို့ ဒါလေးတွေသတိထားပေးပါ။

(၁) စောင့်ဆိုင်းပါ။ ကလေးမွေးပြီဆိုတာနဲ့ ချက်ချင်းသွားကြည့်တာမျိုး မလုပ်သင့်ပါဘူး။ အနည်းဆုံးတစ်ရက်စောင့်ရပါမယ်။ မသွားခင် လာလည်မယ့်အကြောင်း ကြိုပြီးဖုန်းဆက်ရပါမယ်။

(၂) သွားတွေ့ချိန်မှာ ရေမွှေးစွတ်သွားတာမျိုးရှောင်ပါ။ ဆေးလိပ်လုံးဝ လုံးဝမသောက်ပါနဲ့။ အနံ့ပြင်းတဲ့အစားအစာတွေ ၊ ဝတ်မှုန်များတဲ့ ပန်းတွေ ၊ ရနံ့မွှေးလွန်းတဲ့ပန်းစည်းတွေ ယူမသွားပါနဲ့။

(၃) ဓာတ်ပုံရိုက်ခွင့်ရှိမရှိ မိဘကိုမေးရပါမယ်။ ကိုယ်ထင်သလိုကောက်ချီပြီး ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်တာမျိုးမလုပ်သင့်ပါဘူး။

(၄) ဆူဆူညံညံ မလုပ်သင့်ပါဘူး။ လူကြီးတွေ ပုံမှန်စကားပြောသံက ကလေးသေးသေးလေးကို လန့်သွားစေနိုင်ပါတယ်။

You May Also Like:ဘယ်လို ဗိုက်ပူမျိုးလဲ

(၅) ကလေးမေမေက ကလေးကို နို့တိုက်ကျွေးဖို့ ပြင်ဆင်နေတယ်ဆိုရင်  အခန်းထဲကနေ ခဏရှောင်ပေးသင့်ပါတယ်။

(၆) တွေ့ဆုံနှုတ်ဆက်ချိန်က နာရီဝက်ထက် မပိုသင့်ပါဘူး။

(၇) ကိုယ်က နေမကောင်းဖြစ်နေတယ်ဆိုရင် လုံးဝသွားမတွေ့သင့်ပါဘူး။

(၈) ကလေးကို နမ်းတာမျိုးရှောင်ပါ။

(၉) အခန်းထဲမဝင်ခင်ဘဲဖြစ်ဖြစ် ကလေးကိုမပွေ့ချီခင်ပဲဖြစ်ဖြစ် လက်သန့်စင်ဖို့ သတိပြုပါ။

ဂျူဂျူး(အခရာ)

www.akhayar.com