လီဗာပူးလ်အသင်းရဲ့ ကမ္ဘာ့ကြေးအကြီးဆုံးနောက်ခံလူ ဗန်ဒိုက် Virgil Van Dijk ဟာ နာမည်ကျော် Four Four Two မဂ္ဂဇင်းက ရွေးချယ်တဲ့ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ Four Four Two မဂ္ဂဇင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား(၅၀)စာရင်းကို ရွေးချယ်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဗန်ဒိုက်က ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ဟာ PFA Players’ Player of the Year ဆန်ခါတင်(၆)ဦးစာရင်းမှာ စတာလင် Raheem Sterling ၊ ဘာနာဒိုဆေးလ်ဗား Bernardo Silva ၊ အဂွဲရိုး Sergio Agüero ၊ ဟာဇက် Eden Hazard ၊ မာနေး Sadio Mané တို့နဲ့အတူ ပါဝင်ခဲ့ပြီး ဆုရရှိဖို့ ရေပန်းစားနေသူဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့အချိန်ကစလို့ အကောင်းဆုံးခြေစွမ်းပြနေပြီး ဒီရာသီပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးနိုင်ဖို့အတွက် အဓိက နေရာကပါဝင်နေသူပါ။ Four Four Two မဂ္ဂဇင်းရဲ့ အကောင်းဆုံး ကစားသမားစာရင်း ထိပ်ဆုံး(၅)ဦးထဲမှာ ဗန်ဒိုက်နဲ့အတူ ဘာနာဒိုဆေးလ်ဗား၊ စတာလင်၊ ဟာဇက်၊ မာနေးတို့လည်း ပါဝင်ခဲ့ပါတယ်။ Four Four Two မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဗန်ဒိုက်က “ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲကစားဖို့ ကျန်ပါသေးတယ်။ ပွဲတိုင်းကို အနိုင်ကစားဖို့ ကြိုးစားသွားမှာပါ။ ခက်ခဲမယ်ဆိုတာသိပေမယ့် ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF:sportbible
Photo:The Leafs Nation,Sky Sports
Naing Linn(Akhayar)
www.akhayar.com